DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် အလုပ်သမားအရေးဆောင်ရွက်သူ အမျိုးသမီးတဦးအား လက်နက်ကိုင်အဖွဲ့က ဖမ်းဆီး
DVB
·
January 10, 2019
ဖားကန့်တွင် အလုပ်သမားအရေးဆောင်ရွက်သူ အမျိုးသမီးတဦးအား လက်နက်ကိုင်အဖွဲ့က ဖမ်းဆီး
Donate to DVB

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိတ်မူကျေးရွာအုပ်စုက အလုပ်သမားအရေး ဆောင်ရွက်သူ အမျိုးသမီးတဦးကို ဒီကနေ့မနက်က လက်နက်ကိုင်လူတစုက ဖမ်းဆီး ခေါ်ဆောင်သွား ပါတယ်။

ဆိတ်မူအုပ်စု ဝေခါကျေးရွာ ရပ်ကွက် ၃ မှာ နေထိုင်တဲ့ အသက် ၄၀ ရွယ် ဒေါ်ပြုံးပြုံးဌေးကို အမည်မသိ လက်နက်ကိုင်အဖွဲ့တဖွဲ့က ဒီကနေ့မနက် ၅ နာရီလောက် နေအိမ်မှာ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဆိတ်မူကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရွှေသိန်းက ဒီဗွီဘီကို ပြောပါတယ်။

“ဒီကနေ့မနက် မိုးမလင်းခင်က လက်နက်ကိုင်လူ ၈ ယောက်လောက် သူတို့အိမ်ကို လာဝိုင်းထားပြီး အိမ်ပေါ်အတင်းတက်လာတယ်။ ပြီးတော့  ပြုံးပြုံးဌေးကို ခေါ်သွားကြတယ်လို့ သိရတယ်ခင်ဗျ။ သူ့အမျိုးသား ဦးချစ်ကောင်းကတော့ ထွက်ပြေးလွတ်မြောက်လာတယ်တဲ့၊ အခု သူ့အမျိုးသားနဲ့ အဆက်သွယ်မရသေးဘူး။ သူတို့ကလေး ၂ ယောက်ကိုတော့ ဘာမှလုပ်မသွား ဘူး။  ပိုက်ဆံတွေဘာတွေ တောင်းတာလည်းမရှိတော့ ပြန်ပေးဆွဲတာတော့ မဟုတ်ဘူး။ လာဖမ်း တဲ့လူတွေက အရပ်ဝတ်တွေနဲ့ဆိုတော့ ဘယ်အဖွဲ့ကဆိုတာ မသိဘူး။ အချင်းချင်း ကချင်စကားပြောတယ်လို့တော့ ကြားတယ်။”

ဒေါ်ပြုံးပြုံးဌေးမှာ သတ္တုတွင်းဆိုင်ရာ အလုပ်သမားသမဂ္ဂကောင်စီဝင်တဦးဖြစ်ပြီး ခင်ပွန်း ဖြစ်သူမှာလည်း ရေမဆေးအလုပ်သမားအရေးကိစ္စ တက်ကြွစွာကူညီဆောင်ရွက်ပေးနေသူ ဖြစ်ကြောင်း၊ နှစ်ဦးလုံးမှာ အန်အယ်လ်ဒီအဖွဲ့ဝင်ဖြစ်ပြီး  သား ၂ ယောက်ရှိကာ အငယ်ဆုံးမှာ ၅ နှစ်သာရှိသေးတယ်လို့ သူကဆက်ပြောပါတယ်။

သူတို့ဇနီးမောင်နှံမှာ ရန်ငြိုးရန်စတွေမရှိဘဲ စီးပွားရေးသမားတွေလည်း မဟုတ်ကြောင်း၊ ကျောက်အောင်တာတွေလည်း မရှိလို့ ဘာကြောင့်ဖမ်းသွားသလဲဆိုတာ မသိဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် သူတို့ဟာ ရေမဆေးကျောက်ရှာတဲ့ အလုပ်သမားတွေ လုပ်အားခအပြည့်ရရေး၊ ကျောက်ကုမ္ပဏီနဲ့ ရေမဆေးတွေကြား ပြဿနာဖြစ်ရင် အလုပ်သမားတွေဘက်ကနေ ဦးဆောင်ကာ တရားမျှတမှုရရေး ပရဟိတစိတ်နဲ့ ဆောင်ရွက်ပေးနေသူတွေ ဖြစ်တယ်လို့ ဆိုပါ တယ်။

သူတို့ဟာ ပြီးခဲ့တဲ့ နှစ်စက်တင်ဘာလကလည်း လက်နက်ကိုင်အဖွဲ့ ၁ ဖွဲ့က ၁ ညတာ ခေါ်ေ ဆာင်သွားတာ ခံခဲ့ရဖူးပြီး မဆိုင်တဲ့ကိစ္စတွေမှာ ၀င်မပါဖို့ သတိပေးခံခဲ့ရဖူးတယ်လို့ ဆိုပါတယ် ။

မနေ့မနက် ဒေါ်ပြုံးပြုံးဌေး ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး ဆိတ်မူကျေးရွာအုပ်စု အုပ်ချုပ်ရေးရုံးနဲ့ ဝေခါကျေးရွာအုပ်ချုပ်ရေးရုံးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာတော့ လာရောက်တိုင်တန်းတာ မရှိသေးဘူးလို့ ဆိုပါတယ်။

ဦးရွှေသိန်းကတော့ သူ့အမျိုးသားအနေနဲ့  တိုင်တန်းတာတွေလုပ်ရင် ဇနီးသည်လုံခြုံရေး အတွက် စိုးရိမ်လို့ အခြားနည်းလမ်းတွေနဲ့ ဆောင်ရွက်မယ်လို့ ယူဆကြောင်း ဒီဗွီဘီကို ပြောပါ တယ်။

ဖားကန့်ဒေသမှာ ပရဟိတလုပ်ကိုင်သူတွေ၊ အများအကျိုးဆောင်ရွက်သူတွေ အခုလို ခြိမ်းခြောက်ဖမ်းဆီးခံရတာ မဖြစ်သင့်ကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့  လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး ပိုမိုဆောင်ရွက်သင့်ကြောင်း ဦးရွှေသိန်းက ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013