
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်ပြည်ထောင်စုကို ၁၈ ရက်ကြာ ခရီးထွက်ခွာမှာဖြစ်တဲ့အကြောင်း ပါတီက တရားဝင် သတင်းထုတ်ပြန်လိုက်ပါတယ်။
အန်အယ်လ်ဒီ ပြောရေး ဆိုခွင့်ရှိသူ ဦးညဏ်ဝင်းရဲ့ ကြေညာချက်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာ ၁၆ ရက်မှာ အမေရိကန်ကို စတင်ထွက်ခွာမှာဖြစ်ပြီး စက်တင်ဘာ ၁၇ ရက်နေ့မှာ မြို့တော် ၀ါရှင်တန်ဒီစီကို ရောက်ရှိမယ့်အကြောင်းနဲ့ အောက်တိုဘာလ ၃ ရက်မှာ အမေရိကန်က ပြန်လာမယ်လို့ ဖော်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ခရီးစဉ်အတွင်း အမေရိကန် ကွန်ဂရက် လွှတ်တော်က ပေးအပ် တဲ့ ရွှေတံဆိပ်ဆု အပါအ၀င် အမေရိကန်အဖွဲ့အစည်းတွေကပေးတဲ့ တခြားဆုတွေ လက်ခံဖို့ ရှိပါတယ်။
ဒါ့အပြင် ဦးခွန်ထွန်းဦး၊ ဦးကျော်သူ၊ ဦးမင်းကိုနိုင်၊ ဒေါက်တာ စင်သီယာမောင်နဲ့ ဦးအောင်ဒင်တို့ကို အမေရိကန် အမျိုးသားဒီမိုကရေစီ ရန်ပုံငွေအဖွဲ့ (အန်အီးဒီ) က ချီးမြှင့်တဲ့ ဆုပေးပွဲကို တက်ရောက်မှာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်နာမည်ကြီး တက္ကသိုလ်တွေဖြစ်တဲ့ ယေးလ်၊ ဟားဗတ် စတဲ့တက္ကသိုလ်တွေကိုလည်း သွားရောက်ဖို့ အစီအစဉ်ရှိပြီး နယူးယောက်ခ်၊ ဖို့သ်ဝိန်း၊ ဆန်ဖရန်စစ္စကို၊ လော့အိန်ဂျလိစ်မြို့တွေက မြန်မာအသိုင်းအ၀ိုင်းနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။











