DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ် ရပ်ကျေးအုပ်ချုပ်ရေးမှူးအသစ် ၅ ဦးကို တာဝန်မှ ရပ်စဲအရေးယူ
DVB
·
January 10, 2019
မွန်ပြည်နယ် ရပ်ကျေးအုပ်ချုပ်ရေးမှူးအသစ် ၅ ဦးကို တာဝန်မှ ရပ်စဲအရေးယူ
Donate to DVB

မွန်ပြည်နယ်ထဲမှာ ၂၀၁၈ ခုနှစ်အတွင်း အသစ်ရွေးချယ်ထားတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၄၆၀ ကျော်အနက် ၅ ဦးကို တာဝန်ကနေ ရပ်စဲ အရေးယူထားတယ်လို့ မွန်ပြည်နယ်အစိုးရက ပြောပါတယ်။

မြန်မာတနိုင်ငံလုံး အတိုင်းအတာအနေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ၂၀၁၈ ခုနှစ်က အသစ်ပြန်လည်ရွေးချယ်ခဲ့ပါတယ်။

မွန်ပြည်နယ်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၄၆၆ ဦး ရွေးချယ်ခဲ့ပြီး လက်ရှိမှာ မြို့နယ် ၄ ခုမှ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၅ ဦးကို တာဝန်မှရပ်စဲကာ အရေးယူထားတယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောပါတယ်။

“ရွေးချယ်ပြီးစီးခဲ့တဲ့ မွန်ပြည်နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေထဲမှာမှ တိုင်စာတွေအရ ပြန်လည်စိစစ် အရေးယူခံရတာကတော့ ၅ ဦးရှိပြီး သထုံမြို့နယ်က ၁ ဦး၊ သံဖြူဇရပ်မြို့နယ်က ၁ ဦး၊ ကျိုက်မရောမြို့နယ်က ၂ ဦး၊ မော်လမြိုင်မြို့နယ်က ၁ ဦး အရေးယူခဲ့တယ်။”

အရေးယူခံရတဲ့ အုပ်ချုပ်ရေးမှူးတွေဟာ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို ကျော်လွန်လုပ်ဆောင်တာ၊ ငွေကြေးလက်ခံရယူတာ၊ အထက်ဌာနကို သတင်းတင်ပြဖို့ ပျက်ကွက်တာ၊ ကျေးရွာအတွင်း နိုင်ငံခြားသားကို ရက်ရှည်နေခွင့်ပြုတာ၊ ဆေးပေးခန်းမြေနေရာ အကွက်ရိုက်ရောင်းချတာ စတာတွေ ကျူးလွန်ခဲ့တာကြောင့် တာဝန်ကနေ ရပ်စဲခဲ့တာလို့ ဆိုပါတယ်။

သထုံမြို့နယ်၊ ဇရစ်ချောင်ကျေးရွာအုပ်စုက ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးသန့်ဇင်၊ သံဖြူဇရပ်မြို့နယ် အနင်းကျေးရွာအုပ်စုမှ ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးစန်းအောင်၊ မော်လမြိုင်မြို့နယ် ကျောက်တန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးငွေထွန်း၊ ကျိုက်မရောမြို့နယ် တရနာကျေးရွာအုပ်စု ရပ်ကျေးအုပ်ချုပ်ရေးမှူး ဒေါ်မိသန်းဌေးနဲ့ ကျိုက်ပရန်ကျေးရွာအုပ်စုမှ ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးကျင်သိန်းတို့ တာဝန်မှ ရပ်စဲခံခဲ့ရတာပါ။

မွန်ပြည်နယ်က ပြန်လည်ရွေးချယ်ခံရတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၄၇၂ ဦးရှိပြီး သထုံခရိုင်က ၂၀၄ ဦး၊ မော်လမြိုင်ခရိုင်က၂၆၂ ဦး၊ စုစုပေါင်း ၄၆၆ ဦးကို အပြီးသတ်ပြန်လည်ရွေးချယ်ခဲ့ပါတယ်။ သထုံခရိုင်အတွင်း ဘီးလင်းမြို့နယ် ဘော့နော့ခီးကျးရွာအုပ်စုနဲ့ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့က ရပ်ကွက် ၄ ခုနဲ့ ကျေးရွာအုပ်စုတစ်စုမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးရွေးချယ်ဖို့ ကျန်နေပါတယ်။

မွန်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်၊ နှစ်ကုန်ပိုင်းကလည်း မြေယာပြဿနာတွေနဲ့ တိုင်ကြားခံရလို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူခံရတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၈ ဦးအထိရှိခဲ့ပြီး တာဝန်မှ ရပ်စဲခံရတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး (၁၀) ဦးကျော်ရှိခဲ့ပါတယ်။

သမ္မတ ဦးဝင်းမြင့်ရဲ့မွန်ပြည်နယ်ခရီးစဉ်အတွင်း တိုင်ကြားစာ ၇၉ စောင်မှာလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတချို့ အဂတိလိုက်စားမှုတွေ ရှိနေလို့ဆိုပြီး အရေးယူပေးဖို့ တိုင်ကြားတဲ့ စာတွေ ပါဝင်ခဲ့ပါတယ်။

လက်ရှိမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို အရင်ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှ အရပ်သားအစိုးရ ပြည်ထောင်စုဝန်ကြီးဌာနရုံးလက်အောက်ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့ကတည်းက တရားဝင်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ပါတယ်။

အာကာမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013