DVB Logo
Home
Lead Story
ဘာလို့ သူပုန်ထကြတာလဲ
DVB
·
January 10, 2019
ဘာလို့ သူပုန်ထကြတာလဲ
Donate to DVB

အခု ရခိုင်ပြည်နယ်မှာ ရဲစခန်း ၄ ခုကို အေအေအဖွဲ့က တိုက်ခိုက်မှုဖြစ်လာတယ်။ မြန်မာအစိုးရဘက်ကလည်း မကြာသေးခင်က ထိပ်သီးခေါင်းဆောင်တွေ၊ တပ်မတော်ခေါင်းဆောင်တွေ အစည်းအဝေးထိုင်ကြပြီး အေအေကို သောင်းကျန်းသူအဖြစ် သတ်မှတ်ချေမှုန်းဖို့ ဆုံးဖြတ်ချက်ချတာ၊ ရဟတ်ယာဉ်ပါသုံးဖို့ ဆုံးဖြတ်ချက် ချပေးတာတွေ ဖြစ်လာတယ်။ ဒါနဲ့ပတ်သက်လို့ စိတ်ဝင်စားဖွယ်ကိစ္စတွေ ဖြစ်လာပါတယ်။ ကျနော် စိတ်ဝင်စားတာကတော့ ပညာရပ်ဆိုင်ရာ ချဉ်းကပ်မှုကပါ။ “လူတွေ ဘာလို့သူပုန်ထကြတာလဲ” ပညာရှင် ရောဘတ် တက် ဂါး (Robert Ted Gurr) (၁၉၃၆-၂၀၁၇) က နာမည်ကြီး စာတအုပ် ရေးဖူးတယ်။ (Ted Gurr. Why Men Rebel. Princeton, NJ: Princeton University Press. 1970.) ပါမောက္ခ ဂါး ကတော့ စိတ်ပိုင်းဆိုင်ရာအရ လူတွေ စိတ်ပျက်အားလျော့ရမှု- ရန်လိုမှု သီအိုရီ (psychological frustration-aggression theory) ကို ဆွေးနွေးပါတယ်။ လူတွေကို အကြမ်းဖက်မှုဖြစ်အောင် တိုက်တွန်းမှု ဖြစ်စေတာက စိတ်ပျက်အားလျော့ရမှု- ရန်လိုမှု သီအိုရီ (frustration-aggression mechanism) အကြောင်းချင်းရာလို့ ထောက်ပြပါတယ်။ ကာလကြာရှည် စိတ်ပျက်အားလျော့ရမှု၊ ဒေါသထွက်ရမှုတွေ ဖြစ်နေမယ်။ ဒါပေမယ့် ရုတ်ချည်း အကြောင်းတခုခုကြောင့် ခံစားလာရတဲ့အခါ နောက်ဆုံး အကြမ်းဖက်မှုတွေ ဖြစ်လာရတယ်လို့ ဆိုပါတယ်။ အဲဒါအပြင် သူ့ရဲ့ အနုမာနမှန်းဆချက်အဖြစ် “နှိုင်းယှဉ်ချက်အရ ချို့တဲ့ဆုံးရှုံးရမှု” (relative deprivation) တွေ ကြုံတဲ့အခါ ပေါက်ကွဲထွက်ရသလို အခြေအနေကို ရှင်းပြပါတယ်။ ဆိုလိုတာကတော့ ကိုယ်က ရပိုင်ခွင့်က ဒီထက်ပိုတယ်။ ဒါပေမယ့် တကယ်ရတော့ ဒီထက်အများကြီး နည်းနေတဲ့အခါ ပေါက်ကွဲရတော့တာပဲဆိုတဲ့ အခြေအနေမျိုးပါ။ လူအများစုပေါင်း အကြမ်းဖက်မှု ဖြစ်ကြရတဲ့ အခြေအနေ (collective violence) ဖြစ်ရတာကတော့ လူအများက စုပေါင်းပြီး နှိုင်းရ ချို့တဲ့ဆုံးရှုံးရပြီလို့ ခံစားရတဲ့အခါ ဖြစ်တတ်တယ် ဆိုပါတယ်။

အလားတူပဲ။ ပညာရှင် ပေါ ကော်လီယာကလည်း ပဋိပက္ခစစ်ပွဲတွေ ဖြစ်ရတာဟာ လောဘကြောင့်လား၊ နာကျည်းမှုတွေကြောင့်လား ဆိုပြီး မေးခွန်းထုတ်ဖူးပါတယ်။ Paul Collier and Anke Hoeffler, Greed and Grievance in Civil War. World Bank. 2001.) သူက ၁၉၆၀ ခုနှစ်ကနေ ၁၉၉၀ ခုနှစ်အကြား ဖြစ်ခဲ့တဲ့ အရေးပါတဲ့ ပြည်တွင်းစစ် ၇၈ ခုကို လေ့လာသုံးသပ်ပြီး ရေးခဲ့တာပါ။ ပြည်တွင်းစစ် (သူပုန်ထမှု) တွေဟာ ပြင်းထန်တဲ့ စိတ်ခံစားနာကျည်းမှုတွေ၊ တန်းတူညီမျှမှုမရှိတဲ့ အခြေအနေမှာ ဖြစ်တတ်တယ်လို့ ယူဆထားကြပါတယ်။ (Greviance). တပြိုင်နက်တည်းမှာပဲ သူပုန်အဖွဲ့တခု ဖွဲ့စည်းဖို့ ဖြစ်စေတဲ့ ပုံမှန်မဟုတ်တဲ့ အခွင့်အလမ်းတွေ၊ ဘဏ္ဍာငွေရရှိနိုင်မှု အခြေအနေ၊ သဘာဝရင်းမြစ် ထုတ်ယူနိုင်ဖို့ အခြေအနေ၊ ပြည်ပရောက်နေတဲ့ သူတို့လူထုတွေရဲ့ လှူဒါန်းမှုတွေနဲ့လည်း ဆက်စပ်နေတယ် (Greed) လို့လည်း တွေ့ရှိရပါတယ်။ စိတ်ဝင်စားဖွယ် တွေ့ရှိချက်တွေကိုလည်း ဖော်ပြထားခဲ့ပါတယ်။ အဲဒါတွေကတော့ သူပုန်ထမယ်ဆိုရင် ငွေရဖို့ အခွင့်အလမ်းကို စဉ်းစားရပါတယ်။ အဲဒါအပြင် ပေးဆပ်ရမယ့် အရင်းအနှီးဆိုတာလည်း ရှိပါသေးတယ်။ စစ်ရေးအရ အသာစီးရနိုင်မှု ရှိနိုင်မလား။ နိုင်ငံသားအခွင့်အရေး၊ တန်းတူညီမျှမှုမရှိခြင်း၊ လူမျိုးအချင်းချင်း သွေးကွဲနေခြင်း.. စတဲ့ အခြား အကြောင်းအချက်တွေလည်း ရှိပါသေးတယ်။ အချို့ ပထဝီအနေအထားအရ ကျွန်းတွေလိုမျိုးမှာ သူပုန်ထဖို့ မဖြစ်နိုင်လောက်အောင် ခက်ခဲတဲ့ အနေအထားတွေ ရှိတတ်ပါတယ်။ အဲသည်တော့ အခုတဖန် စစ်ပွဲတွေပြန်ဖြစ်လာတာ “လောဘကြောင့်လား၊ နာကျည်းမှုတွေကြောင့်လား” ဆိုပြီး ကျနော် စောကြောနေမိပါသေးတယ်။

အဲဒါအပြင် အခုနောက်ပိုင်း အီရတ်၊ အာဖဂန်စစ်ပွဲတွေအပြီး နောက်ပိုင်းမှ သောင်းကျန်းသူချေမှုန်းရေးစစ်ပွဲ (Counter insurgency Operation—COIN) တွေအကြောင်း တဖန် ခေတ်စားလာပြန်ပါတယ်။ အဲဒီမှာ စိတ်ဝင်စားဖွယ် စာတအုပ်ကတော့ ဆက်သ်ဂျုံးရဲ့ သူပုန်ထ စစ်ပွဲဆင်နွှဲခြင်း၊ ဗီယက်ကောင်းမှသည် အစ္စလာမ္မစ်နိုင်ငံတော်အထိ သင်ခန်းစာများ Seth G. Jones, Waging Insurgent Warfare. Lessons from the Vietcong to the Islamic State, New York: Oxford University Press ဆိုတဲ့ စာအုပ်ပါ။ အဲသည်မှာ ကျမ်းရိုးသူပုန်ထမှုတခုပုံစံ၊ သူပုန်အဖွဲ့တွေရဲ့ မဟာဗျူဟာ နည်းဗျူဟာများ စသည်ဖြင့် အကျယ်အပြန့် ဆွေးနွေးထားပါတယ်။ သူကတော့ ဒုတိယကမ္ဘာစစ် နောက်ပိုင်းကနေ ၂၀၁၅ ခုနှစ်အထိ ရှိခဲ့တဲ့ သူပုန်ထမှု ၁၈၁ ခုကို လေ့လာသုံးသပ်ထားတာပါ။ ဆက်သ်ဂျုံး ဆွေးနွေးထားတဲ့ ကျမ်းရိုးသူပုန်ထမှုတခု ပုံစံမှာ မဟာဗျူဟာအရ သုံးစွဲတဲ့ မဟာဗျူဟာတွေကို ၃ ခု ဖော်ပြပါတယ်။ ပြောက်ကျားစစ်ပွဲ၊ ပုံမှန် သမားရိုးကျစစ်ပွဲနဲ့ ပြစ်ဒဏ်ပေးမှု (punishment) (အရပ်သားပြည်သူများကို တိုက်ခိုက်ခြင်း) တွေ သုံးတတ်ကြတယ် ဆိုပါတယ်။ နည်းဗျူဟာတွေလည်း အမျိုးမျိုးရှိပါတယ်။ ဒါပေမယ့် နည်းဗျူဟာတွေက ပြည်သူလူထု ထောက်ခံမှု မကျဆင်းရအောင် ဂရုစိုက်ရဖို့ ရှိပါမယ်။ မဟုတ်ရင် သူပုန်အဖွဲ့တခုလည်း ကြာရှည်ခံနိုင်ဖို့ မလွယ်ပါဘူး။ ဒေသခံတွေနဲ့ နိုင်ငံတကာ ထောက်ခံမှု မဆုံးရှုံးအောင်လည်း သူတို့က ဂရုစိုက်ကြရပါတယ်။ အခု အေအေရဲ့ တိုက်ပွဲတွေ ဖြစ်လာတာဟာ (ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ်) ကျမ်းရိုးသူပုန်ထမှုတခု ပုံစံအတိုင်း ဖြစ်လာနေတာ တွေ့နေရပါတယ်။ ဒီလိုဖြစ်စဉ်တွေက လက်တွေ့တိုက်ပွဲတွေ မဖြစ်ပေါ်လာခင် ကာလအတော်ကြာကြာကတည်းက စုစည်းဖြစ်ပေါ်လာ၊ ဖော်ပြနေတတ်ပါတယ်။ သေချာ လေ့လာကြည့်ရင် တွေ့နိုင်မှာပါ။

ဆိုပါစို့။ အစိုးရတခုက ဘယ်လိုတုံ့ပြန်မလဲ။ အစိုးရတခုကတော့ နိုင်ငံတော်တည်ဆောက်ရေး (State building) စဉ်းစားပုံကပဲ စဉ်းစားပါလိမ့်မယ်။ ဆိုလိုတာက အစိုးရရဲ့ နိုင်ငံတော်အာဏာစက်ကို နိုင်ငံအစွန်အဖျား နယ်နိမိတ်တွေထိရောက်အောင် ဖြန့်ကြက်နိုင်ရေးပါပဲ။ အဲသလိုပဲ စဉ်းစားပါလိမ့်မယ်။ အထူးသဖြင့် အခုကာလမှာ တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ အာဏာစက်တည်မြဲရေး လုပ်ရဖို့ ရှိတာပါပဲ။ တဖက်မှာလည်း အစိုးရတွေက သူပုန်ထမှုကို ဖြေရှင်းဖို့ စဉ်းစားရတဲ့အခါ သောင်းကျန်းသူချေမှုန်းရေး (COIN) ကိုပဲ စဉ်းစားမှာ မလွဲပါပဲ။ အရင်ကာလတွေတုန်းကလည်း ဖြတ် ၄ ဖြတ် (ရိက္ခာ၊ လူသစ်၊ သတင်းအဆက်အသွယ်၊ ချေမှုန်းသတ်ဖြတ်) ဒါတွေလုပ်ခဲ့ကြပါတယ်။

အဲဒါအပြင် အစိုးရတွေဘက်က လုပ်လေ့လုပ်ထရှိတာတွေ ရှိပါတယ်။ ဒါကတော့ သူပုန်ထတဲ့ လူမှုအသိုက်အဝန်းက သဘောထား ပျော့ပြောင်းသူများ (moderates) ကို စကားပြောညှိနှိုင်း၊ သဘောထားပြင်းထန် အစွန်းရောက်သူတွေ (extremists) တွေကို ချေမှုန်းဆိုတဲ့ သဘောပါပဲ။ ဒါကလည်း အစိုးရတွေက ကျမ်းရိုးတုံ့ပြန်မှုတွေပါပဲ။

သေချာတာကတော့ စစ်ရေးသက်သက်နဲ့ သူပုန်ထမှုတွေကို ချေမှုန်းအောင်မြင်မှုရဖို့ ခက်တတ်ပါတယ်။ စစ်ဆင်ရေးတွေကတဆင့် သူပုန်အဖွဲ့တွေကလည်း ရင့်ကျက် ထုသားပေသား ကျတာမျိုးလည်း ဖြစ်လာတတ်ပါသေးတယ်။

ဒါတွေကတော့ အခုလိုကိစ္စမျိုးမှာ အစိုးရက ရခိုင်လူမှုအသိုက်အဝန်းက သဘောထားပျော့ပြောင်းသူတွေ (moderates) တွေကို ဘယ်လို ဆွေးနွေး ပြောဆိုမှာပါလဲ။ စစ်ရေးဆောင်ရွက်ရာမှာ အလွန်အကျူး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မဖြစ်လာအောင် ဘယ်လိုစစ်ဆင်ရေး ဘောင်သတ်စည်းမျဉ်း (rules of engagement) တွေ ထားရှိမှာလဲ.. ဒါတွေကို စိတ်ဝင်စားမိပါတယ်။ သေချာတာကတော့ စစ်ရေးသက်သက်က အဖြေမဟုတ်ပါဘူး။ “စစ်နည်းဗျူဟာ ဘယ်လိုသာလဲ၊ စွဲကိုင်လက်နက် ဘယ်လိုထက်လဲ၊ ပြည်သူ့နှလုံး မသိမ်းကျုံးလျှင်၊ ပြည်သူ့ခွန်အား မကိုးစားလျှင်၊ ဓားသွားလည်းကြွေ လှံလည်းခွေအံ့" (လက်ဝဲသုန္ဒရ နန္ဒိသေနပျို့) ဆိုတဲ့ စာဆိုလည်း ရှိပါသေးတယ်။ ပြည်သူ့နှလုံး သိမ်းကျုံးအောင် အစိုးရက ဘယ်လိုစွမ်းဆောင်မှာပါလဲ။ ဒါလည်း အရေးကြီးတဲ့အချက်ဖြစ်လို့ စောင့်ကြည့်လိုပါကြောင်း။     ။

အောင်သူငြိမ်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013