DVB Logo
Home
မြန်မာသတင်း
ထာဝရငြိမ်းချမ်းရေးရရှိအောင် ဝိုင်းဝန်းကြိုးပမ်းရန် ကချင်ပြည်နယ်နေ့တွင် သမ္မတ တိုက်တွန်း
DVB
·
January 10, 2019
ထာဝရငြိမ်းချမ်းရေးရရှိအောင် ဝိုင်းဝန်းကြိုးပမ်းရန် ကချင်ပြည်နယ်နေ့တွင် သမ္မတ တိုက်တွန်း
Donate to DVB

ခုအချိန်ဟာ နိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး ရေရှည်တည်တံ့တဲ့ စစ်မှန်တဲ့ ထာဝရငြိမ်းချမ်းရေး ရရှိအောင် ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ရမယ့် အချိန်ကောင်း အခါကောင်း ဖြစ်တယ်လို့ သမ္မတဦးဝင်းမြင့်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။

ဒီကနေ့ ဇန်နဝါရီ ၁၀ ရက်မှာ ကျရောက်တဲ့ ၇၁ နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ပြောကြားထားတာ ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတက “ယခုအချိန်အခါသည် ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး အနေဖြင့် အတိတ်သမိုင်းမှ အတွေ့အကြုံများကို သင်ခန်းစာရယူပြီး တိုင်းရင်းသားအချင်းချင်း ညီအစ်ကိုမောင်နှမ စိတ်ဓာတ်ဖြင့် လက်နက်ကိုင်ပဋိပက္ခများ အကြွင်းမဲ့ချုပ်ငြိမ်းပြီး ရေရှည်တည်တံ့သည့် စစ်မှန်သော ထာဝရငြိမ်းချမ်းရေး ရရှိအောင် ညီညီညွတ်ညွတ် ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ရမည့် အချိန်ကောင်းအခါကောင်း ဖြစ်ပါသည်။” လို့ သဝဏ်လွှာမှာ ပြောပါတယ်။

ကချင်ပြည်နယ်မှာ လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းသွားပါက ဆယ်နှစ်အတွင်း အရှိန်အဟုန်နဲ့ ထူးထူးကဲကဲ တိုးတက်လာနိုင်မယ့် အနေအထားကို စိတ်ကူးပုံဖော် မျှော်မှန်းကြည့်ကြစေလိုတယ်၊ ပြည်နယ်သူ ပြည်နယ်သားတွေဟာ ငြိမ်းချမ်းသာယာဖွံ့ဖြိုးတဲ့ ကချင်ပြည်နယ်ရဲ့ အိပ်မက်ကို နှစ်ပေါင်းများစွာ မျှော်လင့်နေကြတယ်၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ အစည်းအဝေးကို ကချင်ပြည်နယ်ကိုယ်စားပြု တက်ရောက်တာ မြင်တွေ့ရမယ့်နေ့ကို အားလုံးက မျှော်လင့်စောင့်စားနေတယ်လို့လည်း သမ္မတက ပြောပါတယ်။

ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေ မချုပ်ငြိမ်းနိုင်သေးတဲ့ ရလဒ် အကျိုးဆက်အဖြစ် မြန်မာပြည်ရဲ့ပုံရိပ်နဲ့ ဖွံ့ဖြိုးမှုဟာ ကမ္ဘာ့နိုင်ငံတွေနဲ့ ဒေသတွင်းနိုင်ငံတွေ အလယ်မှာ နိမ့်ကျနေဆဲဖြစ်တယ်၊ မတူကွဲပြားမှုတွေ များပြားစွာရှိနေတဲ့ နိုင်ငံမှာ တိုင်းရင်းသားအားလုံး တန်းတူရည်တူမူနဲ့ သဟဇာတရှိစွာ ရေရှည် အတူယှဉ်တွဲ နေထိုင်နိုင်မှ လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းပြီး ပြည်ထောင်စုကြီး ထာဝစဉ် တည်တံ့ခိုင်မြဲနိုင်မယ်လို့ သမ္မတက ပြောသွားပါတယ်။

ဒီကနေ့ကျရောက်တဲ့ ကချင်ပြည်နယ်နေ့ အခမ်းအနားကို မြစ်ကြီးနားမြို့မှာ ကျင်းပနေပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်နေပါတယ်။

၁၉၄၈ ခုနှစ် ဇန်နဝါရီ ၁၀ ရက်က ကျင်းပခဲ့တဲ့ ကချင်ပြည်နယ်ကောင်စီ ညီလာခံရဲ့ ပထမဆုံး အစည်းအဝေးမှာ ကချင်ပြည်နယ်အစိုးရအဖွဲ့ကို စတင်ဖွဲ့စည်းနိုင်ခဲ့တဲ့နေ့ကို 'ကချင်ပြည်နယ်နေ့' အဖြစ် သတ်မှတ်ပြီး နှစ်စဉ်ကျင်းပလာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013