
ဘိုလီးဗီးယား သမ္မတရိုဒရီဂိုပက်ဇ်က နိုင်ငံမှာအရေးပေါ်အခြေအနေ ကြေညာခဲ့ပြီးတဲ့နောက် လွန်ခဲ့တဲ့ရက်ပေါင်း ၅၀ အတွင်း ဆန္ဒပြမှုတွေကြောင့် စီးပွားရေး ရပ်တန့်သွားတဲ့အထိ ပိတ်ဆို့နေတာတွေကို ရှင်းလင်းဖို့နဲ့ တည်ငြိမ်အေးချမ်းမှုကို ပြန်ထူထောင်ဖို့ စစ်တပ်တွေကို ပိုကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကြက်နိုင်ခဲ့ပါတယ်။
ကိုချာဘမ်ဘာမြို့လယ်မှာ စစ်တပ်တွေက ကာလာကာလာတံတားကို စောင့်ကြပ်နေပြီး လာပဲ့ဇ် မြို့က နာမည်ကြီး ပလာဇာမူရီးလိုမှာ စစ်တပ်တွေ ညတွင်းချင်း ဝန်းရံထားလို့ လူသူကင်းမဲ့နေပါတယ်။
ပိတ်ဆို့နေတာတွေကို ရှင်းဖို့ လက်နက်ကိုင်တပ်ဖွဲ့တွေကို လွှတ်တာလိုမျိုး တည်ငြိမ်အေးချမ်းမှုကို ပြန်ထူထောင်ဖို့ ပိုကျယ်ပြန့်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လုပ်ပိုင်ခွင့်တွေကို အရေးပေါ်ကြေညာချက်က သမ္မတကို ပေးအပ်ထားပါတယ်။
အမိန့်က ချက်ချင်းအသက်ဝင်ပေမဲ့သမ္မတက အမိန့်ထုတ်ပြန်ပြီး ၂၄ နာရီအတွင်း အရေးပေါ် အခြေအနေအကြောင်း အောက်လွှတ်တော်ကို အကြောင်းကြားရမှာဖြစ်ပြီး၊ ၇၂ နာရီအထိ ဒီအစီအမံကို အတည်ပြုဖို့ ဒါမှမဟုတ် ငြင်းပယ်ဖို့ အချိန်ရှိပါတယ်။
လက်ဝဲယိမ်းသမ္မတဟောင်း အီဗိုမိုရာလက်စ်နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ဆန္ဒပြအဖွဲ့တွေဟာ အဓိကလမ်းတွေကို ဖြတ်တောက်ခဲ့လို့ ထရပ်ကားတွေ ပိတ်မိနေခဲ့ပြီး လာပဲ့ဇ် အပါအဝင် နေရာ အတော်များများဆီ အစားအစာ၊ လောင်စာဆီနဲ့ ဆေးဝါးတွေ ပို့မရအောင် ပိတ်ဆို့ခဲ့ပါတယ်။
ဒေါ်လာဈေး ဆိုးရွားလာသလို နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့နဲ့ ဆွေးနွေးမှုတွေကြားမှာ လိုငွေပြမှုကို လျှော့ချဖို့ သမ္မတက ရေရှည်လောင်စာဆီ ထောက်ပံ့ကြေးကို ရုတ်တရက် ဖြတ်တောက်ပြီးတဲ့နောက် ကနဦးမှာ ပဋိပက္ခတွေ ပေါ်ပေါက်ခဲ့တာပါ။
လောင်စာဆီ ဈေးနှုန်းတွေကို တည်ငြိမ်စေဖို့နဲ့ လူကြိုက်မများတဲ့ မြေယာပြုပြင်ပြောင်းလဲမှုတွေကို ပြောင်းပြန်လှန်ဖို့ နောက်ပိုင်းမှာ ဆောင်ရွက်ခဲ့ပေမဲ့၊ ဆန္ဒပြမှုတွေက ပိုကျယ်ပြန့်တဲ့ မကျေနပ်ချက်တွေ အဖြစ်ပြင်းထန် လာခဲ့ပါတယ်။
အလုပ်သမားသမဂ္ဂတွေက လုပ်ခလစာတိုးမြှင့်ဖို့ လောင်စာဆီနဲ့ ဒေါ်လာပြတ်လပ်မှုကို အဆုံးသတ်ဖို့နဲ့ သမ္မတ ရာထူးကနေ နုတ်ထွက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။










