ကယားပြည်နယ်၊ ဒီမောဆိုမြို့နယ်၊ ခြောက်မိုင်ကျေးရွာအနီးမှာ ရဲအရာရှိ ၂ဦး သေနတ်နဲ့ ပစ်ခတ်ခဲ့ရလို့ သေဆုံးသွားတယ်လို့ ဒီမောဆို မြို့နယ်ရဲစခန်း တာဝန်ကျ ရဲအရာရှိက ဒီဗွီဘီကို ပြောပါတယ်။
“ရဲအုပ်နှစ်ယောက်သေသွားတာ၊ နှစ်ယောက်လုံး။ အသေအချာမသိရသေးဘူး။ မြို့နယ်မှူးတို့ စခန်းမှူးတို့ကလည်းပြန်မလာကြသေးဘူး၊ အခင်းဖြစ်တဲ့နေရာကနေ။ သူတို့ သွားလိုက်တာကတော့ ၁၁ နာရီကျော်လောက်ကတည်းက သွားလိုက်တာ။ အဲဒါက သူတို့သွားတဲ့အချိန်လေ။ ဖြစ်တဲ့ အချိန်က အသေအချာ မသိရသေးဘူး။ ”
အဆိုပါသေဆုံးသူ ရဲအရာရှိ ၂ ဦးဟာ ဒီမော့ဆိုမြို့နယ်က မဟုတ်ဘဲ ပြည်နယ်က ဖြစ်နိုင်ကြောင်းနဲ့ ဘာကြောင့်အပစ်ခံရတယ် ဘယ်သူတွေက ပစ်ခဲ့တယ်ဆိုတာကိုတော့ အသေးစိတ်မသိရသေးဘူးလို့လည်း ရဲစခန်းက ပြောပါတယ်။
ဒီမောဆိုမြို့နယ်မှူး ရဲမှူးလှထွေးကို မေးမြန်းရာမှာလည်း သူ့အနေနဲ့ အထက်ကိုတင်ပြပြီး မှသာ ပြောနိုင်မှာဖြစ်ကြောင်း ဒီဗွီဘီကို ပြန်လည်ဖြေကြားထားပါတယ်။











