
မနေ့ညက ရုတ်တရက် မိုးသက်လေပြင်းတွေ တိုက်ခတ်တာကြောင့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ၀ါးတောင်ကျေးရွာအနီး လယ်ကွင်းပြင်မှာ စစ်ဘေးရှောင် ခိုလှုံနေကြတဲ့ ဒုက္ခသည် ၁၃၀၀ လောက်ဟာ မိုးလွတ်ရာကို ထပ်မံ ထွက်ပြေးနေကြရပါတယ်။
ဝါးတောင်စစ်ဘေးရှောင်ဒုက္ခသည်စခန်းဟာ ရန်ကုန်-စစ်တွေ ကားလမ်းနားဘေး လယ်ကွင်းပြင်မှာတည်ရှိပြီး ခေတ္တယာယီနေရာချပေးတဲ့နေရာဖြစ်လို့ စစ်ဘေးရှောင်တွေဟာ အမိုးအကာတွေမလုံဘဲ နေထိုင်နေကြရတာပါ။
မနေ့ညက ရုတ်တရက်မိုးတွေရွာ၊ လေပြင်းတိုက်လို့ ဘုန်းကြီးကျောင်းမှာ သွားရောက် ခိုလှုံနေကြရသလို တချို့ကတော့ အဲ့ဒီလယ်ကွင်းပြင်ထဲမှာ သစ်ဝါးတွေကာပြီး နေနေကြရတယ်လို့ အဆိုပါ ဒုက္ခသည်မှာ နေထိုင်သူတွေက ဒီဗွီဘီကိုပြောပါတယ်။
ဝါးတောင်ရွာအုပ်ချုပ်ရေးမှူးက "တချို့ကတော့ ဘုန်းကြီးကျောင်းကို ပြောင်းကြတယ်။ ဘုန်းကြီးကျောင်းမှာ လူဦးရေ တအားများတော့ မဆန့်ဘူး။ တချို့က တဲအောက်မှာ တာလဘတ်ရှာခင်းပြီး မိုးစိုစိုနဲ့နေနေကြရတယ်။ အခုလည်း မိုးကရွာနေတုန်း လေကလည်း တိုက်နေတယ်။ အရမ်းဒုက္ခရောက်နေကြတယ်"လို့ပြောပါတယ်။
စစ်ဘေးရှောင်ဒုက္ခသည်တဦးက "လေပြင်းတိုက်တယ်။ မိုးအရမ်းရွာတယ်။ အခုထိလည်းမိုးက မစဲသေးဘူး။ ညနေ ၇ နာရီလောက် ကတည်းက ရွာနေတယ်။ ဒုက္ခသည်တွေ ၀ရုန်းသုန်းကားပြေးကြတယ်။ တဲအမိုးတွေအောက် အခုထိ နေနေရတဲ့ မိသားစုတွေ ရှိနေတယ်”လို့ ပြောပါတယ်။
တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (အေအေ)တို့ တိုက်ပွဲတွေကြောင့် ကျောက်တော်မြို့နယ်၊ ဝါးတောင်ကျေးရွာကို ယိုးချောင်းဖျားဒေသက စစ်ဘေးရှောင် တိုင်းရင်းသားမျိုးနွယ်စုတွေ ၁၃၀၀ကျော် ရောက်ရှိ ခိုလှုံနေကြတယ်လို့ ဝါးတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း မြို့နယ်လေးမြို့မှာ စစ်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာကြတဲ့ ပြည်သူပေါင်း ၄၀၀၀ ကျော်ရှိလာနေပြီလို့ ရခိုင်အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက ပြောပါတယ်။
သတင်း - ဝဏ္ဏခွာညို၊ ဓာတ်ပုံ - ကျီကျီ











