DVB Logo
Home
မြန်မာသတင်း
စာရေးဆရာထင်လင်းဦးပါဝင်သည့် စာပေဟောပြောပွဲကန့်ကွက်ခံရ
DVB
·
January 7, 2019
စာရေးဆရာထင်လင်းဦးပါဝင်သည့် စာပေဟောပြောပွဲကန့်ကွက်ခံရ
Donate to DVB

မွန်ပြည်နယ်၊ မော်လမြိုင်၊ ဘီလူးကျွန်း၊ ကမာကေးကျေးရွာမှာ ကျင်းပမယ့် စာပေဟောပြောပွဲကို စာရေးဆရာထင်လင်းဦးပါတဲ့ အတွက်ကြောင့် ဆိုပြီး မဘသ ဆရာတော်တချို့က ကန့်ကွက်ခဲ့တယ်လို့ စာပေဟောပြောပွဲ ဖြစ်မြောက်ရေး တာဝန်ခံက ပြောပါတယ်။

ကမာကေးကျေးရွာက စာကြည့်တိုက်ဖွံ့ဖြိုးရေးနဲ့ အောင်မြင်ရေးအတွက် (၅) ကြိမ်မြောက် စာပေဟောပြောပွဲကို ဒီကနေ့ညကျင်းပဖို့ စီစဉ်ထားတာဖြစ်ပြီး ကန့်ကွက်ခံရတာကြောင့်  လာမယ့် ၂၄ နေ့ကို ရွှေ့ဆိုင်းလိုက်ရပါတယ်။

အစိုးရက တရားဝင်ဖျက်သိမ်းထားတဲ့ မဘသအဖွဲ့အစည်းဗဟိုရဲ့ အတွင်းရေးမှူး ဆရာတော်ဟာ မော်လမြိုင်၊ မြစေတီစာသင်တိုက်က ဆရာတော်ဖြစ်ပြီး အဲဒီဆရာတော်ဟာ စာပေဟောပြောပွဲလုပ်မယ့် ကမာကေးကျေးရွာသားဖြစ်တယ်။

ချောင်းဆုံကတက်ကြွတဲ့ မသဘအဖွဲ့ဝင်တွေကနေ ကမားကေးကျေးရွာက ဆရာတော် တွေနဲ့ ပူးပေါင်းပြီး လက်မှတ်ထိုး ကန့်ကွက်ခဲ့တာဖြစ်တယ်လို့ စာပေဟောပြောပွဲ ဖြစ်မြောက်ရေး အဖွဲ့ဝင် ကိုလင်းလင်းက ဒီဗွီဘီကို ပြောပါတယ်။

တားမြစ်ကန့်ကွက်ခံလိုက်ရတဲ့ စာရေးဆရာ ထင်လင်းဦးက “မနေ့က ကျနော့်ကို ဖုန်းလှမ်း ဆက်ပါတယ်။ ဘုန်းကြီးတချို့က ဆရာပါတာကို လာတားနေလို့ ကန့်ကွက်လို့ ဆရာ စာပေ ဟောပြောပွဲကို ဖျက်ရပါတယ်ဆိုပြီး လှမ်းတောင်းပန်ပါတယ်။ ဒီပွဲကို ဖိတ်ထားတာ တလလောက် တောင်ရှိပြီဗျ။ သူတို့တွေကတော့ အားနာနာနဲ့ လှမ်းတောင်းပန်တာကိုလည်း နားလည်တယ်။ ဘာပြုလို့လည်းဆိုတော့ အဲဒီဘက်တွေက ဒီလိုမျိုးခဏခဏ ဖြစ်လေ့ဖြစ်ထရှိတယ်လေ၊ ကျနော်ပြောမှာ ဟောမှာကို နားမထောင်ရဲတဲ့ လူတချို့ အဲဒီဘက်မှာရှိတယ်ပေါ့ဗျာ။ ထင်လင်းဦး ဟောမယ်ပြောမယ်ဆို သူတို့ကို နှက်မယ် ပြောမယ်ထင်နေတဲ့ဝါးလုံးခေါင်းထဲက လူတချို့ပေါ့။ အခု အဲဒီပွဲပျက်သွားတဲ့အတွက်ကြောင့်လည်း ဆရာခင်မောင်ညိုစီစဉ်ထားတဲ့ အဲဒီဒေသက ကျောင်းတွေမှာ ပြည်သူ့ နီတိအကြောင်း ပြောဖို့စီစဉ်ထားတာတွေလည်း ပျက်သွားရတယ်” လို့ ပြောပါတယ်။

ဆရာထင်လင်းဦးမပါရင် စာပေဟောပြောပွဲ ကျင်းပခွင့်ပေးမယ်လို့ပြောထားတာကြောင့် စာရေးဆရာကောင်းသန့်၊ အော်ပီကျယ်တို့နဲ့ ဟောပြောပွဲကို ဇန်န၀ါရီ ၂၄ ရက်နေ့  ပြန်လုပ်ပေးသွားမှာ ဖြစ်တယ်လို့ပြောပါတယ်။

ကဗျာဆရာစောဝေကတော့ ဒါဟာ လွတ်လပ်စွာ ရေးသားပြောဆို ထုတ်ဖော်ခွင့်ကို ဟန့်တားခံရတာဖြစ်တယ်လို့ သုံးသပ်ပြောပါတယ်။

“ဒီနိုင်ငံမှာရှိတဲ့ ဘယ်သူမဆို၊ ဘယ်လို လူမျိုးမဆို၊ ဘယ်ဘာသာအတွက်မဆို လွတ်လပ်စွာရေးသားပြောဆိုထုတ်ဖော်ပိုင်ခွင့်ဟာ လူတိုင်းရဲ့မွေးရာပါ ရပိုင်ခွင့်ဖြစ်တယ်။ အဲဒီ ရပိုင်ခွင့်ကို ဟန့်တားတဲ့ဘယ်လိုအဖွဲ့အစည်းကိုမဆို၊ ဘယ်လိုအစိုးရကိုမဆို၊ လက်နက်ကိုင် အဖွဲ့ကိုမဆို ဘယ်လိုသာသနာပိုင်အဖွဲ့အစည်းဘက်က ပုဂ္ဂိုလ်မဆို လုပ်ပိုင်ခွင့်မရှိပါဘူး။ လုပ်လို့ လည်း မရဘူး။ ဒါဟာ လူ့အခွင့်အရေးကြေညာစာတမ်းမှာ အတိအလင်းကြေညာထားသလို ၂၀၀၈ ဖွဲ့စည်းပုံမှာလည်း အတိလင်းပြဋ္ဌာန်းထားတယ်။ လူတိုင်းရဲ့ ရေးသားပြောဆို ထုတ်ဖော်ခွင့်ကို ဘယ်သူကမှ ဘယ်လိုအကြောင်း အမျိုးမျိုးနဲ့မှ တားပိုင်ခွင့်မရှိဘူးဆိုတာကို ဥပဒေအရ ရေးသား ထားပြီးသား၊ကြေညာထားပြီးဖြစ်တယ်။ ဒါကြောင့် ဟန့်တား၊တားမြစ်တဲ့ သူတွေကို တည်ဆဲ ဥပဒေအရ အရေးယူရမှာဖြစ်တယ်၊ တည်ဆဲဥပဒေနဲ့ အရေးယူလို့ မရဘူးဆိုရင်တော့ ကျနော်တို့ နိုင်ငံရဲ့ လူ့အဖွဲ့အစည်းကနေ အဲဒီအဖွဲ့အစည်းကို ဖယ်ကျဉ်လိုက် ရမှာဖြစ်တယ်။”

ကမာကေးကျေးရွာမှာ စာကြည့်တိုက်ဖြစ်မြောက်အောင်မြင်ရေးအတွက် ၂၀၁၃ ခုနှစ်ကနေ စပြီး စာရေးဆရာ ချစ်ဦးညို၊ စာရေးဆရာမောင်စိန်ဝင်းတို့နဲ့ဟောပြောပွဲကျင်းပခဲ့ပါတယ်။

၂၀၁၇ ခုနှစ်တုန်းကလည်း စာရေးဆရာ ချစ်ဦးညို၊ စာရေးဆရာမ ဂျူးနဲ့ ဆရာဦးထွန်းလွင်တို့ ပါတဲ့ စာပေဟောပြောကို မဘသ ရဟန်းပျိုးငါးပါးလောက်က လာရောက်ဟန့်တားနှောင့်ယှက်ခဲ့တာ မျိုးလည်း ရှိခဲ့ဘူးတယ်လို့ စာပေဟောပြောပွဲဖြစ်မြောက် ရေးအဖွဲ့က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013