DVB Logo
Home
မြန်မာသတင်း
မုန်တိုင်းငယ် မြန်မာဘက်ဦးတည်၊ လိမ္မော်ရောင်အဆင့် သတ်မှတ်
DVB
·
January 7, 2019
မုန်တိုင်းငယ် မြန်မာဘက်ဦးတည်၊ လိမ္မော်ရောင်အဆင့် သတ်မှတ်
Donate to DVB

ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျား လာမယ့်အခြေအနေရှိလို့ လိမ္မော်ရောင်အဆင့် သတ်မှတ်တယ်လို့ မိုးလေ၀သဌာနက သတင်းထုတ်ပြန်ပါတယ်။

ဒီမနက် ၁၀နာရီခွဲအချိန် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းသောမုန်တိုင်းငယ် (Deep Depression)ဟာ မုန်တိုင်းငယ် (Depression)အဖြစ်သို့ အားလျော့သွားခဲ့ပြီး၊ မြန်မာနိုင်ငံကိုကိုးကျွန်းမြို့ရဲ့ အနောက် တောင်ဘက် မိုင် ၁၂၀ခန့်၊ ဟိုင်းကြီးကျွန်းရဲ့ အနောက်တောင်ဘက် ၂၄၅ မိုင်ခန့်နဲ့ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယားမြို့ရဲ့ အနောက်မြောက်ဘက် မိုင် (၇၀) ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ ဆိုပါတယ်။

မုန်တိုင်းငယ်ရဲ့ ဗဟိုချက်မှာ အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီ လျှင် (၃၅)မိုင်နှုန်း ဖြစ်ပြီး မုန်တိုင်းငယ်ဟာ မြောက်-အရှေ့မြောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်ကာ  နောက် ၁၂ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့သွားနိုင်တယ်လို့လည်း ခန့်အပ်ပါတယ်။

မုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် ဒီမနက်ကနေ နောက်၄၈နာရီအတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်က နေရာအနှံ့အပြား မိုးရွာနိုင်တယ်။

တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ကျားက နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ အချို့နေရာများမှာ နေရာကွက်ပြီး မိုးကြီးနိုင် ပါတယ်။

မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမယ်၊ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်က မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ ၈ ပေကနေ ၁၀ ပေခန့် ရှိနိုင်တယ်လို့လည်း မိုးဇလက ခန့်မှန်းထုတ်ပြန်ပါတယ်။

မုန်တိုင်းငယ်အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်းနဲ့ အချိန်အခါမဟုတ်မိုးရွာသွန်းခြင်းတို့ ဖြစ်ပေါ်နိုင်လို့ ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ် သင်္ဘောတွေ ကြိုတင်သတိပြု ရှောင်ရှားကြဖို့လည်း မိုးလေ၀သဌာနက အကြံပြုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013