အီရန်နဲ့ အိုမန်တို့ဟာ ဟော်မုဇ်ရေလက်ကြားက သင်္ဘောဖြတ်သန်းရေးလမ်းကြောင်းကို သဘောတူထားပြီး သဘောတူညီချက် အပြီးသတ်ရေး နောက်ဆုံးအဆင့် ရောက်နေပြီလို့ အီရန်က ဩဂုတ် ၅ ရက်မှာ ပြောပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် အက်စ်မေးလ် ဘာဂါအီက သဘောတူညီချက်ရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မထုတ်ပြန်သေးပါဘူး။
နှစ်နိုင်ငံ သဘောတူညီချက်ရရုံနဲ့ ရေလက်ကြားမှာ ဘေးကင်းစွာ သွားလာနိုင်မယ်လို့ အာမ မခံနိုင်သေးဘူးလို့လည်း ဘာဂါအီက သတိပေးပါတယ်။
အမေရိကန်ရဲ့ ရေတပ်ပိတ်ဆို့မှုနဲ့ အီရန်အပေါ် ခြိမ်းခြောက်မှုတွေကြောင့် လုံခြုံရေးအန္တရာယ် ဆက်ရှိနေတယ်လို့ အီရန်ဘက်က ဆိုပါတယ်။
အီရန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကာဇင် ဂါရီဘာဘာဒီက ဒီယာယီလမ်းကြောင်းကို ၂ လကနေ ၄ လအထိ အသုံးပြုနိုင်မယ်လို့ ပြောပါတယ်။
အဆိုပြုချက်အရ ဟော်မုဇ်ရေလက်ကြားကနေ ပင်လယ်ကွေ့ထဲ ဝင်လာတဲ့ သင်္ဘောတွေကို အီရန်က ထိန်းချုပ်ခွင့်ရနိုင်ပါတယ်။
ရေလက်ကြားကို မကြာခင် ပြန်မဖွင့်ရင် အီရန်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဩဂုတ် ၄ ရက်မှာ သတိပေးထားပါတယ်။
အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ဖေဖော်ဝါရီ ၂၈ ရက်မှာ စတင်တိုက်ခိုက်ခဲ့ပြီးနောက် ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ကုန်သွယ်မှုရဲ့ ငါးပုံတပုံခန့် ဖြတ်သန်းနေတဲ့ ဒီရေလက်ကြားမှာ သင်္ဘောအသွားအလာ အကြီးအကျယ် ကျဆင်းခဲ့ပါတယ်။
အီရန်ကတော့ အမေရိကန်နဲ့ လတ်တလော ဆွေးနွေးနေတာ မရှိသလို ဆွေးနွေးဖို့လည်း အစီအစဉ် မရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။
သင်္ဘောဖြတ်သန်းခအပေါ်လည်း သဘောထားကွဲနေပြီး အီရန်က ကုန်တန်ဖိုးရဲ့ ၅ ရာခိုင်နှုန်းကနေ ၇ ရာခိုင်နှုန်းအထိ၊ အိုမန်က ၃ ရာခိုင်နှုန်းခန့် သတ်မှတ်လိုပေမဲ့ အမေရိကန်ကတော့ အခကြေးငွေ မယူဖို့ လိုလားနေပါတယ်။










