
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကွမ်တာကျေးရွာရှိ ဦးလှဝင်းရဲ့ ဟိုက်ဝင်းရာဘာရုံမှာ မနေ့ညက ရာဘာမှိုင်းခံရုံ မီးလောင်မှုကြောင့် ငွေကျပ် သိန်း ၃၀၀ ကျော် ဆုံးရှုံးခဲ့တယ်လို့ မွန်ပြည်နယ် မီးသတ်တပ်ဖွဲ့က ပြောပါတယ်။
မီးလောင်မှုမှာ ဇန်နဝါရီ ၆ ရက်နေ့ ည ၁၁ နာရီခွဲအချိန်မှာ စတင်လောင်ကျွမ်းတာဖြစ်ပြီး မီးငြှိမ်းသတ်ယာဉ် ၁၁ စီး၊ ရေသယ်ယာဉ် ၄ စီး၊ မော်လမြိုင်ခရိုင်မှ မီးသတ်ယာဉ် ၂ စီးတို့နဲ့ ငြှိမ်းသတ်ခဲ့ရပြီး level 3 အဆင့်ရှိတဲ့အတွက် ဇန်နဝါရီ ၇ ရက်နေ့ မနက်အစောပိုင်းထိ ၂ နာရီကျော်ကြာ ငြှိမ်းသတ်ခဲ့ရတာပါ။
မွန်ပြည်နယ် မီးသတ်တပ်ဖွဲ့မှ ညွှန်ကြားရေးမှူး ဦးတင်မောင်နီက “ရာဘာပြားတွေကို စပယ်ခွံ မီးဖိုနဲ့ မှိုင်းခံရာကနေ မီးများပြီးတော့ အနီးမှာရှိတဲ့ ရာဘာပြားတွေကို မီးကူးစက်လောင်ကျွမ်းတာပါ။ မီးက အရမ်းများတော့ ခရိုင်က ကား ၂ စီးလောက် ထွက်ပေးရတယ်။ မီးဘေး ကြိုတင် ကာကွယ်ရေး စနစ်မရှိလို့ အခုလိုဖြစ်တာပါ။ အဲဒီလိုလုပ်ထားရင် စဖြစ်ဖြစ်ချင်းမှာ ငြှိမ်းသတ်နိုင်ရင် အဲဒီလောက်ကြီး ဆုံးရှုံးမှာမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ်ပဲ စစ်ဆေးကြပ်မတ်ဖို့ လိုပါတယ်" လို့ ပြောပါတယ်။
မီးလောင်မှုကြောင့် ရာဘာမှိုင်းခံရုံ ၁၅ပေ × ၉၀ ပေ သွပ်မိုးအုတ်ကာ ရာဘာရုံတရုံနဲ့ ရာဘာပြား လေးသောင်းရှစ်ထောင်ခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး ငွေကျပ် သိန်း ၃၀၀ ကျော် (၃၀၄၈၇၅၀၀) ဆုံးရှုံးခဲ့ပြီး ရာဘာမှိုင်းခံရုံ တာဝန်ခံ ဦးဇော်ဝင်းကို (ပ) ၃၉/ ၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၂၈၅ ၊ မီးပေါ့ဆမှု မုဒုံမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်နေ့ကလည်း မုဒုံမြို့၊ မြို့မ ၄ ရပ်ကွက်၊ စိန်ချယ် ၅ လမ်းရှိ ဦးဇော်ဝင်းရဲ့ နောက်ထပ် ရာဘာရုံတခုဖြစ်တဲ့ ခိုင်ရွှေဝါ ရာဘာရုံ မီးလောင်မှုကြောင့် ငွေကျပ် သုံးသိန်းကျော် (၃၆၂ ၀၀၀) ဆုံးရှုံးခဲ့ပြီး အခုတကြိမ်ကတော့ မုဒုံမြို့နယ်ရှိ ရာဘာရုံမီးလောင်မှုဟာ ၁ လအတွင်း ၂ ကြိမ်မြောက် မီးလောင်မှုဖြစ်ပါတယ်။
သတင်း- အာကာမင်း
ဓာတ်ပုံ - မွန်ပြည်နယ်မီးသတ်တပ်ဖွဲ့/ Ko Oo











