ကျူးဘားနိုင်ငံရဲ့ ခေါင်းဆောင်တွေအနေနဲ့ အပြောင်းအလဲမလုပ်ရင် နိုင်ငံရဲ့အခြေအနေတွေ တိုးတက်ကောင်းမွန်လာမှာ မဟုတ်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုက စက်တင်ဘာ ၂၃ ရက်မှာ ပြောလိုက်ပါတယ်။
ကျူးဘားအစိုးရအနေနဲ့ ပြောင်းလဲရေးလုပ်ငန်းစဉ်ကို စဖို့ အခွင့်အရေးကို အသုံးချသင့်တယ်လို့လည်း ရူဘီအိုက သတင်းထောက်တွေကို ပြောပါတယ်။
“ကျူးဘားတော်လှန်ရေးဟာ ကျရှုံးခဲ့ပါပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော် ကာလတလျှောက်လုံး ကျရှုံးခဲ့သလို အခုအချိန်မှာလည်း ကျရှုံးနေဆဲပါပဲ။ ဒါကို ကျူးဘားစနစ်အတွင်းမှာလည်း အသိအမှတ်ပြုထားကြတယ်လို့ ကျနော်ထင်ပါတယ်။ မေးစရာရှိတာကတော့ ဒါကို ဘာနဲ့ အစားထိုးမလဲ ဆိုတာပါပဲ” လို့ ရူဘီအိုက ပြောပါတယ်။
“သူတို့မှာ အပြောင်းအလဲတွေ လုပ်ဖို့ အခွင့်အရေးရှိသလို နိုင်ငံကို တိုးတက်မှုနဲ့ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ဆီ နောက်ပြန်လှည့်လို့မရနိုင်တဲ့ လမ်းကြောင်းတခုပေါ် စပြီးတင်ပေးနိုင်မဲ့ အခွင့်အရေးလည်း ရှိနေပါတယ်။ ပြောင်းလဲမှုဖြစ်စဉ်ကို စတင်စေမဲ့ ရှေ့ဆက်ခြေလှမ်းတွေကို လက်ခံဖို့ ကျနော်တို့ အသင့်ရှိပါတယ်” လို့လည်း ရူဘီအိုက ပြောပါတယ်။
“နှစ်ပေါင်း ၆၀ ကျော်ကြာ ဖြစ်ပေါ်ခဲ့တဲ့ စီမံခန့်ခွဲမှု အားနည်းချက်တွေ၊ အဂတိလိုက်စားမှုတွေနဲ့ အရည်အချင်း မရှိမှုတွေကို ခြောက်လအတွင်း ပြောင်းလဲပြင်ဆင်လို့ မရနိုင်ပါဘူး။ ဒါပေမဲ့ ကျူးဘားနိုင်ငံအနေနဲ့ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ဆီ ဦးတည်တဲ့ နောက်ပြန်လှည့်လို့ မရနိုင်တဲ့ လမ်းကြောင်းတခုပေါ်ရောက်ဖို့ ရွှေလိုအဖိုးတန်တဲ့ အခွင့်အရေးတခု ရှိနေတယ်လို့ ကျနော် ယုံကြည်ပါတယ်။ သူတို့ဘက်က လက်ခံမယ်ဆိုရင် ဒီကိစ္စမှာ ကူညီပေးဖို့ ကျနော်တို့ အသင့်ရှိပါတယ်” လို့ ရူဘီအိုက ဆက်ပြောပါတယ်။
“အစိုးရအဖွဲ့အတွင်း လက်မှာ သွေးစွန်းနေသူတွေရှိနေလို့ ကျနော်တို့အနေနဲ့ လုံးဝ လက်တွဲလုပ်ဆောင်လို့ မရနိုင်သူတွေ ရှိတာလည်း အမှန်ပါ။ ဒါပေမဲ့ နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ လွတ်လပ်မှု လမ်းကြောင်းဆီ ဦးတည်စေမဲ့ လုပ်ငန်းစဉ်မှာ ပါဝင်လုပ်ဆောင်ချင်စိတ် ရှိသူတွေလည်း ရှိတယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ ဒီပန်းတိုင်ကို ရောက်ဖို့ အချိန်အတိုင်းအတာတခု လိုမှာဖြစ်ပေမဲ့ သူတို့နဲ့ လက်တွဲလုပ်ဆောင် နိုင်မယ်လို့ ယူဆတယ်” လို့လည်း ရူဘီအိုက ပြောခဲ့ပါတယ်။
Source: Reuters











