DVB Logo
Home
Lead Story
သမီးကိုဝိုင်းပြီးကူညီကြပါ၊ အမြန်ဆုံးလွတ်မြောက်ဖို့ ဆုတောင်းပေးကြပါ - မနော်သောသွဲ့ထူး
DVB
·
January 6, 2019
သမီးကိုဝိုင်းပြီးကူညီကြပါ၊ အမြန်ဆုံးလွတ်မြောက်ဖို့ ဆုတောင်းပေးကြပါ - မနော်သောသွဲ့ထူး
1 / 6
Donate to DVB

ဒိုက်ဦးမြို့နယ် စစ်ဗိုလ်ကြီးကျေးရွာအုပ်စု လယ်ကြားမြောင်ကျေးရွာက မနော်သောသွဲ့ထူးဟာ စင်ကာပူနိုင်ငံမှာ အလုပ်သွားလုပ်ပြီး သူ့ရဲ့လစာငွေ ၅ လစာအတွက် ကျပ်သိန်း ၃၀ ကျပ်နီးပါကို ယူဆောင်ပြီး မြန်မာနိုင်ငံကို ပြန်လာခဲ့ပါတယ်။ မြန်မာနိုင်ငံကို  ပြန်ရောက်ပြီး အဲဒီငွေတွေကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့ကတည်းက သုံးစွဲနေပြီး ၄ ရက်နေ့မှာတော့ သူသုံးစွဲနေတဲ့ ၁၀၀၀၀ တန် ငွေစက္ကူတွေဟာ အတုတွေ ဖြစ်နေတာကို သိလိုက်တဲ့အတွက် ဒိုက်ဦးရဲစခန်းကို သွားအကြောင်းကြားပါတယ်။ ဒါပေမယ့် မနော်သွယ်ထူးဟာ ငွေအတု ကိုင်ဆောင်မှုနဲ့ ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ နဲ့ ဖမ်းဆီးတရားစွဲတာ ခံခဲ့ရပါတယ်။ ဒီနောက်မှာတော့  ဒိုက်ဦးတရားရုံးက ပုဒ်မ ၁၀၆ ကို ပယ်ဖျက်ပေးခဲ့လို့ ဒုတိယအကြိမ်ရုံးချိန်းဖြစ်တဲ့ ဇန်န၀ါရီ ၃ ရက်နေ့က အာမခံရရှိခဲ့ပြီး ပြန်လည်လွတ်မြောက်လာပါတယ်။

ငွေအတုကိစ္စနဲ့ ဖမ်းဆီးတရားစွဲခံရပြီး အာမခံနဲ့ ပြန်လွတ်လာတဲ့ မနော်သောသွဲ့ထူးကို ဒီဗွီဘီသတင်းထောက် ကိုအောင်စိုးမိုးက တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။ ။ မနော်သောသွဲ့ထူးအနေနဲ့ အခုလို ငွေတုကိုင်ဆောင်မှုနဲ့ ဖမ်းဆီးခံရပြီး ပြန်လွတ်လာတဲ့ အပေါ်   ဘယ်လိုခံစားရပါသလဲ။

ဖြေ။   ကျမအနေ နဲ့ အခုလို လွတ်မြောက်လာတဲ့အတွက် အရမ်းဝမ်းသာပါတယ်။

မေး။  ။ စင်ကာပူမှာ ဒီငွေတုတွေ ဘယ်လိုလဲလှယ်ခဲ့တာလဲခင်ဗျ။

ဖြေ။ ။ ကျမ စင်ကာပူကနေ ပြန်လာတော့မယ်ဆိုတော့ ကျမရဲ့ လုပ်အားခ ၅ လစာကို အိမ်ရှင်က သွားလဲပေးပြီး ပြန်ယူလာခဲ့တာ။ အိမ်ရှင်ကလည်း အတုဆိုတာ မသိဘူး။ ညီမလည်း အတုဆိုတာ မသိဘူး။ ဒီရောက်မှ သုံးမှပဲသိတာ။ ဒီဇင်ဘာလ ၂ ရက်နေ့ ပြန်လာတယ်၊ ၄ ရက်နေ့ ဈေးဝယ်မှ သိတာပါ။

မေး။ ။  ဘယ်လို ဖမ်းဆီးခံလိုက်ရတာလဲ၊ သွားအဖမ်းခံတာလား။

ဖြေ။ ။ အဲဒီ ၄ ရက်မှာပဲ ကျမသိသိချင်း ဒိုက်ဦးရဲစခန်းကို သွားပြတယ်။ ရဲစခန်းကနေပြီး မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကိုခေါ်သွားတယ်။ အဲဒီမှာ စစ်ဆေးတာတွေလုပ်တယ်။ ပြီးတော့ အိမ်ကို ပြန်ခေါ်လာပြီး အိမ်မှာရှာဖွေတွေ့ရှိတဲ့ပုံစံမျိုးနဲ့ ဓတ်ပုံရိုက်တယ်။ ပြီးတော့ စခန်းကိုခေါ်သွားတယ်။ စခန်းရောက်တော့ ထပ်စစ်တယ်။ ပြီးတော့ ကျမကို အချုပ်ထဲ ထည့်လိုက်တော့တာပါပဲ။

မေး။ ။ အချုပ်ထဲမှာကော ဘယ်လိုနေထိုင်ရလဲ ပြောပြပါလား။

ဖြေ။ ။ အချုပ်ထဲမှာတော့ စိတ်ကျဉ်းကြပ်တာပေါ့။ ဒါပေမယ့်အဖော်တွေလည်း ရှိတော့ အဆင်ပြေအောင် နေရတာပေါ့။

မေး။ ။ အမှုက မပြီးသေးဘူး၊ ဆက်ပြီး ရင်ဆိုင်ရဦးမှာဆိုတော့ အမှုနဲ့ ပတ်သက်ပြီး ဘာပြောချင်တာရှိလဲ။

ဖြေ။ ။နောက်ထပ်လည်း ရင်ဆိုင်ရဦးမှာ ဆိုတော့လေ။ အမှုကနေ အမြန်ဆုံးလွတ်မြောက်ချင်ပါတယ်။ ဘယ်လိုတွေ ဆက်ဖြစ်ဦးမလဲ မသိသေးဘူး။ ထပ်ပြီးရင်ဆိုင်ရဦးမယ် ဆိုတော့လေ။ သမီးကို ၀ိုင်းပြီးကူညီကြပါလို့၊ အမြန်ဆုံးလွတ်မြောက်ဖို့ ဆုတောင်းပေးကြပါလို့ ပြောချင်ပါတယ်။

မေး။ အခုလို ငွေအတုတွေနဲ့ ဖမ်းဆီးခံရတာကို စင်ကာပူမှာရှိတဲ့ အိမ်ရှင်ကရော အကူအညီပေးတာရှိလား။ တခြား ဘယ်အဖွဲ့ကရော ကူညီကြလဲ။

ဖြေ။ ။ စင်ကာပူမှာရှိတဲ့ အိမ်ရှင်ကလည်း သိသွားတယ်၊ ကျမတို့ကိုလည်း ဆက်သွယ်တယ်၊ ငွေရေးကြေးရေးအပြင် တခြားအကူအညီတွေကိုလည်း ပေးမယ်လို့ ပြောပါတယ်။ ဒါ့အပြင် အလုပ်သမားသမဂ္ဂအဖွဲ့တွေ၊ ပရဟိတအဖွဲ့တွေကလည်း ကူညီကြမယ်လို့ ပြောပါတယ်။ အခု အမှုအတွက်ကိုလည်း ကျမတို့ ပဲခူးတိုင်း တိုင်းရင်းသားရေးရာဝန်ကြီး နော်ဖွယ်စေးက ဥပဒေ နဲ့အညီ ကူညီပေးနေပါတယ်။

မေး။ ။ စင်ကာာပူက မြန်မာတွေကိုကော ငွေအတုကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုအကြံပြုချင်ပါသလဲ။

ဖြေ။ ။ သူတို့တွေကိုလည်း ငွေလဲဖြစ်တဲ့အခါ သတိထားပြီးတော့ လဲစေချင်တယ်။ တကယ်လို့ မလဲဖြစ်ရင်လည်း ဘဏ်မှာပဲ လွှဲလိုက်လို့။ သတိထားကြပါလို့  ပြောချင်ပါတယ်။

မေး။ ။ တကယ်လို့ အမှုကနေ အပြီးလွတ်မြောက်သွားရင် ဘာတွေဆက်လုပ်သွားမလဲ။ ငွေတွေကလည်း အတုတွေ ဆုံးရှုံးထားတော့။

ဖြေ။ ။ အမှုပြီးသွားရင် အိမ်မှာပဲ ဈေးဆိုင်ဖွင့်ပြီး ဈေးရောင်းဖို့ စီစဉ်ထားပါတယ်။ အခုလောလောဆယ်တော့ ငွေတွေကလည်း ဆုံးရှုံးသွားတယ်။ အမှုကလည်း ရင်ဆိုင်ရမှာဆိုတော့ ဘာအလုပ်မှလည်း လုပ်မရ၊ ဘယ်မှလည်းသွားမရ ဖြစ်နေတယ်၊ အခွင့်အရေးတွေ ဆုံးရှုံးနေတာပေါ့။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013