
အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့တ်ဘက်ဆန့်က တရုတ်ဟာ “အကြမ်းဖက်အားပေးနိုင်ငံ” အတွက် ထောက်ပံ့နေတယ်လို့ အီရန်ကို ရည်ညွှန်းပြီး စွပ်စွဲလိုက်ပါတယ်။
လာမဲ့သီတင်းပတ်ထဲမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပေကျင်းကို သွားရောက်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံဖို့ ရှိနေချိန်မှာပဲ အခုလိုမျိုး ဘက်ဆန့်ရဲ့ လူသိရှင်ကြားဝေဖန်မှု ထွက်ပေါ်လာခဲ့တာပါ။
“အီရန်ဟာ အကြီးမားဆုံးသော အကြမ်းဖက်ဝါဒအားပေးတဲ့နိုင်ငံ ဖြစ်ပါတယ်။ တရုတ်က သူတို့စွမ်းအင် ၉၀ ရာခိုင်နှုန်းကို ဝယ်ယူနေတဲ့အလျောက် ဘဏ္ဍာရေးအရ ထောက်ပံ့နေတာ ဖြစ်တယ်”လို့ ဘက်ဆန့်က မှတ်ချက်ပြုပါတယ်။
မေ ၄ ရက်နေ့ Fox သတင်းဌာနနဲ့ အင်တာဗျူးမှာ အီရန်တွေဟာ ဟော်မုဇ်အပေါ် “ထိန်းချုပ်နိုင်စွမ်း မရှိပါဘူး”၊ “အဲဒီရေလက်ကြားကို ကျနော်တို့ဘက်က အပြည့်အဝထိန်းချုပ်ထားတာဖြစ်တယ်” လို့လည်း ဖြည့်စွက်ပြောပါတယ်။
ဒါပေမဲ့လည်း အီရန် ပိတ်ဆို့ထားတဲ့ ဟော်မုဇ်-ရေလက်ကြား ပြန်ဖွင့်နိုင်အောင် ကြိုးပမ်းမှုအတွင်း ပါဝင်ကူညီပေးဖို့အတွက် အမေရိကန်က တရုတ်နိုင်ငံကို တိုက်တွန်းထားပါတယ်။
အဲဒီနောက် ကမ္ဘာ့ရေနံဈေးနဲ့ပတ်သက်ပြီး “အခုလိုမျိုး ကာလတိုဈေးတွေ တက်နေတာက အမေရိကန်လူထုကို ထိခိုက်စေတယ်ဆိုတာ ကျနော်တို့ နားလည်ပါတယ်။ ဒီပဋိပက္ခ ပြီးဆုံးသွားချိန်မှာ ဈေးနှုန်းတွေအမြန် ပြန်ကျလာပါလိမ့်မယ်”လို့ ဆိုပြန်ပါတယ်။
လွန်ခဲ့တဲ့အပတ်ကလည်း အမေရိကန်ဟာ အီရန်နဲ့ ရေနံအရောင်းအဝယ် လုပ်ကိုင်နေတဲ့ တရုတ်အဖွဲ့အစည်းတွေကို အရေးယူဒဏ်ခတ်မှုတွေ ချမှတ်ခဲ့ပါသေးတယ်။
ဒါကြောင့် တရုတ်ဘက်က “နိုင်ငံတကာဥပဒေအပေါ် အခြေခံထားခြင်းမရှိတဲ့ တဖက်သတ်၊ တရားမဝင်ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ဆန့်ကျင်ပါတယ်” ဆိုပြီး တုံ့ပြန်သွားပါတယ်။
ထိုင်ဝမ်အရေး၊ တောင်တရုတ်ပင်လယ်အရေးနဲ့ နှစ်နိုင်ငံ ကုန်သွယ်ရေးဆိုင်ရာ သဘောထားကွဲလွဲမှုတွေကြောင့် တရုတ်-အမေရိကန် ဆက်ဆံရေးဟာ ပြီးခဲ့တဲ့နှစ်ပိုင်း အတွင်း ယိုယွင်းလာခဲ့ပါတယ်။
ဒါ့အပြင် ထရမ့်ပ်နဲ့ သူ့အစိုးရအဖွဲ့က နိုင်ငံခြားရေးမူဝါဒ အရင်းအမြစ်တွေကို အာရှ-ပစိဖိတ် ဒေသတွင်း ယှဉ်ပြိုင်မှုထက် အနောက်ကမ္ဘာခြမ်းအတွက်ပိုပြီး ပြောင်းလဲသုံးစွဲဖို့ ရည်ရွယ်ထားကြောင်း ဖော်ပြထားပါတယ်။










