DVB Logo
Home
မေးမြန်းခန်း
တရားဥပဒေစိုးမိုးမှု မရှိမှာကို စိုးရိမ်
DVB
·
September 13, 2012
Donate to DVB

မုံရွာမြို့မှာ အဖမ်းခံတောင်သူတွေ လွတ်မြောက်ဖို့အတွက် ဆန္ဒပြသမားတွေနဲ့ အာဏာပိုင်တွေ ပဋိပက္ခမှာ သွားရောက် ညှိနှိုင်းပေးတဲ့ စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဒေါ်ခင်စန်းလှိုင်က တရားဥပဒေစိုးမိုမှု မရှိမှာကို စိုးရိမ်တယ်လို့ ပြောကြားလိုက်ပါတယ်။

ဒေါ်ခင်စန်းလှိုင်ဟာ မနေ့က တိုင်းဒေသကြီးအစိုးရ ၀န်ကြီးချုပ် ဦးသာအေးနဲ့တွေ့ဆုံခဲ့ပြီး မုံရွာမြို့ပေါ်နဲ့ လက်ပန်းတောင်းတောင် ဒေသမှာ ဖြစ်ပွားနေတဲ့ ဆန္ဒပြတာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တဲ့ အပေါ်ကို ဒေါ်ခင်စန်းလှိုင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

စစ်ကိုင်းတိုင်းဝန်ကြီးချုပ်နဲ့ တွေ့တဲ့အချိန်မှာ အဓိက ဘာတွေများ ပြောဖြစ်လဲ။

“အဓိကကတော့ ဆန္ဒပြတဲ့ကိစ္စနဲ့ပတ်သက်လို့ အန်တီတို့ဘက်ကတော့ တဖက်နဲ့တဖက် ညှိညှိနှိုင်းနှိုင်း အေးအေးချမ်းချမ်း ပြီးသွားဖို့ အဓိက ပြောပါတယ်။ ဆန္ဒထုတ်ဖော်နေသူတွေရဲ့ အပေါ်မှာ အကြမ်းဖက်မှုတွေ၊ ဆူပူမှုတွေ မဖြစ်စေချင်ဘူး။ ၀န်ကြီးအနေနဲ့ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ဘယ်လိုထိန်းသိမ်းပေးနိုင်မလဲ၊ ဘယ်လို တာဝန်ယူဆောင်ရွက်ပေး နိုင်မလဲ။ နောက်တခုက အန်တီတို့အနေနဲ့လည်း ၀န်ကြီးနဲ့ အတူတူပူးပေါင်းပြီး ဘယ်လိုတွေ ဆောင်ရွက်လို့ ရမလဲ၊ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်ပတ်သက်လို့ ရမလဲဆိုတဲ့အကြောင်းတွေ အဓိကထားပြီး ပြောပါတယ်။

ဝန်ကြီးချုပ်က ဘာတွေ ပြန်ပြောလဲ။ အန်တီတို့နဲ့ ဘာတွေ သဘောတူခဲ့လဲ။

“၀န်ကြီးချုပ် အစိုးရအဖွဲ့အနေနဲ့ ဆန္ဒဖော်ထုတ်တဲ့သူတွေနဲ့ ပတ်သက်ပြီး ဘာတွေလုပ်ပေးထားပါတယ်၊ သူတို့ စီမံကိန်းတွေ၊ သူတို့ဆောင်ရွက်ထားတာတွေ အန်တီတို့ကို ရှင်းပြပါတယ်။ ဆားလင်းကြီးကိုသွားပြီးတော့ သူတို့ဆောင်ရွက်ထားတဲ့ နေရာတွေကိုလည်း အန်တီတို့က သွားကြည့်ပေးပါ။ ပြောစကားတခုတည်းကို မယုံကြည်ပါနဲ့။ ရွာဟောင်းအခြေအနေနဲ့ရော ရွာသစ်ရဲ့ အခြေအနေတွေကိုရော နှိုင်းယှဉ်ကြည်ပြီး အန်တီတို့က သူတို့ကို အကြံဥာဏ်တွေ ပြန်ပြီးတော့ ပေးပါလို့ ပြောတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အဖမ်းခံထားရတဲ့ မသွဲ့သွဲ့ဝင်းနဲ့ ၃ ဦးရယ်၊ ကိုဝေဋ္ဌုတို့ရဲ့ ကိစ္စကိုရော သူတို့ ဘာပြောတာရှိလဲ။

“သူကတော့ မပြောပေမယ့် အန်တီတို့ကတော့ တောင်းဆိုတာပေါ့။ အဖမ်းခံထားရတဲ့ ၄ ယောက်ကို အမြန်ပြန်လွှတ်ပေးဖို့၊ ဖမ်းဆီးခံထားရတဲ့အပေါ်မှာ ဒီလူတွေကို လက်ညှိုးထိုးပြီး နိုင်ငံရေးအရ အမြတ်ထုတ်သွားတာတွေလည်း ရှိနိုင်တယ်။ အဲလိုမျိုးတွေ ရှိလာရင် ကျမတို့အနေနဲ့ ဖြေရှင်းရ ခက်လိမ့်မယ်။ အဲဒီအတွက်ကြောင့်မို့ ၀န်ကြီးအနေနဲ့ ဒီကိစ္စကို အမြန်ဆုံးဆောင်ရွက်ပေးပါ။ နောက်တခုက အဖမ်းခံထားရတဲ့ မိန်းကလေးတွေကလည်း ဒဏ်ရာရနေတယ်၊ ကျန်းမာရေးလည်း မကောင်းဘူးလို့ ပြောသံကြားရတော့ ဒီကလေးတွေ အတွက်လည်း ကျမတို့ စိတ်ပူပါတယ်လို့ ပြောခဲ့တယ်။”

ဝန်ကြီးက ဘာပြန်ပြောလဲ။

“အစိုးရအဖွဲ့နဲ့တိုင်ပင်ပြီး အန်တီတို့ကို အမြန်ဆုံးအကြောင်းပြန်မယ်လို့ ပြောပါတယ်။”

မြေသိမ်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဘာပြောသေးလဲ။ တောင်သူတွေ ပြောတာကတော့ မြေလျော်ကြေးကို မလိုဘူး၊ စီမံကိန်းမလုပ်ဖို့ဘဲ လိုတယ်ဆိုပြီး ပြောနေတာရှိတယ်။ အဲကိစ္စကိုရော ဘာပြောတာမျိုးရှိလဲ။

“စီမံကိန်းကိစ္စကတော့ နဂိုကတည်းက လုပ်ထားတဲ့ကိစ္စဖြစ် တယ်။ နောက် တောင်သူ လယ်သမားတွေနဲ့လည်း သဘောတူညီထားပြီးပြီ၊ တချို့ရွာတွေဆို ပြောင်းတောင်သွားပြီ၊ တချို့မပြောင်းဘဲနဲ့ နေတဲ့သူတွေက ဒီလိုမျိုးလုပ်တယ်ဆိုပြီး သူတို့က ပြောတယ်။ အန်တီကတော့ ဒီကိစ္စက သွားကြည့်ပြီးမှ တောင်သူတွေ တကယ်ဆုံးရှုံးခဲ့ရတဲ့သူတွေ၊ ပြောင်းသွားတဲ့သူတွေက တကယ်ကျေနပ်လို့ ပြောင်းတာလား၊ သို့မဟုတ် ဘယ်လိုအနေထားမျိုးတွေ နဲ့ နေနေရလဲ၊ ပြောင်းသွားတဲ့နေရာမှာ သူတို့အတွက် အဆင်ပြေရဲ့လား။ သူတို့ရဲ့ ဘ၀ရပ်တည်ဖို့ရာ ရေရှည်မှာ အဆင်ပြေမလားဆို သွားကြည့်ပြီးမှ ပြောနိုင်မှာပါ။”

ကုမ္ပဏီတွေနဲ့ ပြည်သူတွေဖြစ်တဲ့ကိစ္စမှာ ရဲတပ်ဖွဲ့ဝင်တွေက အင်အားသုံးပြီး ဖမ်းတယ်ဆီးတယ် လုပ်တဲ့ကိစ္စကိုရော ၀န်ကြီးက ဘာပြောလဲ။ အစိုးရနဲ့ဖြစ်တာမဟုတ်ဘဲ ဘာလို့ ရဲတွေက အင်အား သုံးပြီး ၀င်ပါရတာလဲ။

“ဒီကိစ္စကို အန်တီမေးပါတယ်။ ဒါပေမယ့် ၀န်ကြီးက သေချာပြောမပြဘူး။ အန်တီတို့ ဘက်က မြင်သာနေတဲ့ ကိစ္စတွေပဲလေ။ အန်တီက ပွင့်လင်းမြင်သာမှုတော့ ရှိသင့်တယ် ဆိုပြီး ပြောခဲ့တယ်။”

အန်တီတို့ရှေ့ဘာဆက်လုပ်ဖို့ ရှိပါလဲ။

“အန်တီတို့ကိုယ်တိုင်ကလည်း တရားဥပဒေစိုးမိုးရေးနဲ့ အေးချမ်းသာယာရေးကတော့ အစဉ်တစိုက် တောင်းဆိုနေတဲ့ ကိစ္စပဲလေ။ ဒါကိုလည်း တရားဥပဒေအတိုင်းဖြစ်စေချင်တယ်။ အန်တီတို့ပြောခဲ့သလိုပဲ ဒီလူတွေဟာ တကယ် တရားဥပဒေဖောက်ဖျက်တယ်ဆိုရင် ဥပဒေကြောင်းအရ အရေးယူပါ။ ဒီအပေါ်မှာ ဘာမှပြောစရာမရှိဘူး။ ဒါပေမယ့် အရေးယူတဲ့အကြောင်းအရာသည် ဥပဒေအတိုင်းမဟုတ်ဘဲနဲ့ ပြစ်မှုနဲ့ပြစ်ဒဏ် မမျှတတာမျိုးဆိုရင်တော့ လက်မခံနိုင်ဘူး။ နောက်တခုက မတရားတဲ့ပုဒ်မတွေတပ်ပြီးတော့ အရေးယူတာမျိုးလည်း လက်မခံနိုင်ဘူး။ ဒီအတွက်ကြောင့် ဒီကိစ္စမှာ မတရားဘူးဖြစ်တယ် ဆိုရင်တော့ မတရားတာကို အန်တီတို့ဘက်က ကာကွယ်ပေးသွားမယ်။ မတရားတာကိုတော့ဖြင့် အန်တီတို့ဘက်က လက်မခံနိုင်ဘူးဆိုတာ ပြောခဲ့တယ်။”

ဝန်ကြီးချုပ်နဲ့တွေ့ခဲ့တဲ့အပေါ်ရော ဘယ်လိုသုံးသပ်မိပါလဲ။

“၀န်ကြီးချုပ်နဲ့ ပထမဆုံးတွေ့တာဆိုတော့ အန်တီတို့တောင်းဆိုတဲ့အပေါ်မှာ ၀န်ကြီးက ပြောသလိုပဲ ဆားလင်းကြီးဒေသက အခင်းဖြစ်တဲ့နေရာကိုသွားကြည့်ပါ။ ပြီးရင် သူ့ကို အကြံပေးပါလို့ ပြောတယ်လေ။ အန်တီတို့ မနက်ဖြန်ဆိုရင် အဲ့နေရာကို သွားကြည့်မယ်။ ပြန်လာရင် ၀န်ကြီးချုပ်နဲ့ ဆက်သွယ်ဖို့ရှိတယ်။ နောက်တခုက ဒီနေရာ ဒီအခြေအနေကိုလည်း သေချာကြည့်ချင် တယ်။ ပြန်လာရင် ၀န်ကြီးဆီက သတင်းကောင်းကြားပါရစေဆိုတော့ သူကတော့ အစိုးရအဖွဲ့နဲ့ ညှိုနှိုင်းပြီးတော့ အမြန်ဆုံးအကြောင်းပြန်မယ်လို့ ပြောလိုက်ပါတယ်။”

တခြား ဘာများပြောစရာရှိပါလဲ။

“အန်တီတို့က တရားဥပဒေစိုးမိုးမှုမရှိမှာကိုပဲ စိတ်ပူပါတယ်။ ဒီမှာရှိနေတဲ့လူတွေကလည်း ဒီလူတွေမပါလာရင် မပြန်ဘူးပြောနေကြတာလေ။ အန်တီတို့ စိတ်ပူတာက ရွာမပြန်ဘူးဆိုရင် ဒီလူတွေကို လက်ညှိုးထိုးပြီးတော့ ကြားထဲကနေ ဆူပူမှုဖြစ်အောင်၊ အကြမ်းဖက်မှုဖြစ်အောင် လှုံ့ဆော် လာမယ့် တခြားအဖွဲ့တွေပေါ့လေ။ အဲလိုမျိုးတွေတော့ စိတ်ပူတယ်။ ဒီကျန်နေတဲ့လူတွေကလည်း မှန်မှန်ကန်ကန်ဆုံးဖြတ်စေချင်တယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေကလည်း နှစ်ဖက်ပြေလည်အောင် ညှိနှိုင်းပြီးမှ ပြေလည်တဲ့ နည်းလမ်းကို သွားတာ တွေ့ချင်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013