DVB Logo
Home
မြန်မာသတင်း
ပါဘက်အပူပိုင်းမုန်တိုင်း ထိုင်းတောင်ပိုင်းကို စတင်ဝင်ရောက်
DVB
·
January 4, 2019
ပါဘက်အပူပိုင်းမုန်တိုင်း ထိုင်းတောင်ပိုင်းကို စတင်ဝင်ရောက်
Donate to DVB

‘ပါဘက်’အပူပိုင်းမုန်တိုင်းဟာ ဒီကနေ့ မွန်းလွဲပိုင်းက ထိုင်းနိုင်ငံတောင်ပိုင်း နခွန်စီသမာရက် ခရိုင်ကို စတင်ဝင်ရောက် နေတာကြောင့်  မိုးသက်လေပြင်းတွေ တိုက်ခတ်နေပါတယ်။

မုန်တိုင်းဟာ ကမ္ဘာ့လှည့်ခရီးသွားတွေ အလာများတဲ့ အပန်းဖြေစခန်းတွေရှိရာ ထိုင်းနိုင်ငံ တောင်ပိုင်းကို ဖြတ်ကျော်သွားဖို့ ရှိတာကြောင့် ကော့စမွေ၊ ခိုတောင် စတဲ့ကျွန်းတွေကနေ ထောင်နဲ့ ချီတဲ့ဒေသခံတွေက ဘေးလွတ်ရာတိမ်းရှောင် ခိုလှုံနေကြပါတယ်။

မုန်တိုင်းကြောင့် ဒီကနေ့ ညနေကနေ စနေနေ့ မနက်ထိ အပြင်မထွက်ကြဖို့  ထိုင်းအာဏာပိုင်တွေက နှိုးဆော်ထားပါတယ်။

အဆိုပါ အပူပိုင်းမုန်တိုင်း "ပါဘက်" (Pabuk) ဟာ အနောက်မြောက်ဘက်ကို ဆက် လက်ရွေ့လျားပြီး အပူပိုင်းမုန်တိုင်းငယ် (Tropical Depression) အဖြစ် အားလျော့သွားကာ ကပ္ပလီပင်လယ်ပြင်သို့ ရောက်ရှိနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

အပူပိုင်းမုန်တိုင်းအရှိန်ကြောင့် နောက် ၇၂ နာရီအတွင်း ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ် နဲ့ မွန်ပြည်နယ်တို့မှာ နေရာကျဲကျဲမှ နေရာစိပ်စိပ်၊ နေပြည်တော်၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ နေရာကွက်ကျားမှ နေရာ ကျဲကျဲ မိုးထစ်ချုန်းရွာပြီး အချို့နေရာတွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမယ်။ ရပြင်/မြေပြင်လေဟာ ၁ နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပါတယ်။ လှိုင်းအမြင့်မှာ ၈ ပေမှ ၁၀ ပေလောက် ရှိနိုင်ပါတယ်။

အဆိုပါ အပူပိုင်းမုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်းနဲ့ အချိန်အခါမဟုတ် မိုးရွာသွန်းခြင်း ဖြစ်ပေါ်နိုင်လို့ ပြည်တွင်းလေ ကြောင်းပျံသန်းရေးနဲ့ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ် ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောအနေနဲ့လည်း ကြိုတင်သတိပြုရှောင်ရှားကြဖို့ မိုးဇလက အကြံပြုထားပါတယ်။

ဓာတ်ပုံ- EPA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013