DVB Logo
Home
မြန်မာသတင်း
ပါဘက်မုန်တိုင်း ကော့သောင်းမြို့ အရှေ့တောင်ဘက် ပင်လယ်ပြင်ကို ဗဟိုပြုနေ
DVB
·
January 4, 2019
ပါဘက်မုန်တိုင်း ကော့သောင်းမြို့ အရှေ့တောင်ဘက် ပင်လယ်ပြင်ကို ဗဟိုပြုနေ
Donate to DVB

အပူပိုင်းမုန်တိုင်း “ပါဘက်” ဟာ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ရဲ့ အရှေ့တောင်ဘက် ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။

ဒီနေ့မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန် တိုင်းထွာချက်တွေအရ ထိုင်းပင်လယ်ကွေ့ မှာ ဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်း "ပါဘက်" (Pabuk) ဟာ ထိုင်းနိုင်ငံ၊ နခွန်စီသမာရက် မြို့ရဲ့ အရှေ့တောင်ဘက် ၈၅ မိုင်လောက်၊ မြန်မာနိုင်ငံ ကော့သောင်းမြို့ရဲ့ အရှေ့တောင်ဘက် မိုင် ၂၀၀ လောက်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ ဆိုပါတယ်။

အဆိုပါ အပူပိုင်းမုန်တိုင်း "ပါဘက်" (Pabuk) ဟာ မြောက်လတ္တီကျု (၈.၀) ဒီဂရီနဲ့ အရှေ့လောင်ဂျီကျု (၁၀၁.၃) ဒီဂရီမှာ ရှိပြီး ဗဟိုချက် လေဖိအား ၉၉၄ ဟက်တိုပါစကယ်နဲ့ အမြင့်ဆုံးလေတိုက်နှုန်းမှာ ၁ နာရီ မိုင် ၅၀ နှုန်း ဖြစ်ပါတယ်။

နောက် ၁၈ နာရီအတွင်း ခန့်မှန်းချက်အရ အပူပိုင်းမုန်တိုင်း "ပါဘက်" ဟာ အနောက်-အနောက်မြောက်ဘက်ကို ရွေ့လျားနိုင်ပြီး၊ မြန်မာနိုင်ငံ၊ ကော့သောင်းမြို့ရဲ့ တောင်ဘက်ရှိ နခွန်စီသမာရက်မြို့ (ထိုင်းနိုင်ငံ) အနီးမှ ယနေ့ညပိုင်း ဖြတ်ကျော်ဝင်ရောက်ပြီး ကပ္ပလီပင်လယ်ပြင်ကို ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မုန်တိုင်းအရှိန်ကြောင့် နောက် ၇၂ နာရီအတွင်း ရန်ကုန်၊ တနင်္သာရီ တိုင်းဒေသကြီးတို့၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကျဲကျဲမှ နေရာစိပ်စိပ်၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့မှာ နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး အချို့နေရာတွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမယ်။ ရပြင်/မြေပြင်လေဟာ ၁ နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပါတယ်။ လှိုင်းအမြင့်မှာ ၈ ပေမှ ၁၀ ပေလောက် ရှိနိုင်ပါတယ်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်တွေ၊ သင်္ဘောတွေ ကြိုတင်သတိပြုကြဖို့ မိုးဇလက အကြံပြုထားပါတယ်။

ကော့သောင်းမြို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကလည်း ပြည်သူတွေ သတိပြုနေထိုင်ကြစေဖို့၊ မိမိတို့ရပ်ကွက်အတွင်းရှိ နေအိမ်ဟောင်းတွေမှာ မနေကြဖို့၊ သစ်ပင်ကြီးတွေအောက်မှာ မနေကြဖို့၊ နူတော်ကြီးကျောင်းစာသင်ကျောင်းနဲ့ ခိုလုံရေးရှပ်တာတွေဆီမှာ နေကြဖို့ နေရာတွေ စီစဉ်ပေးနေသလို မြို့တွင်းမှာလည်း အသံချဲ့စက်တွေနဲ့ မုန်တိုင်းသတိပေးချက် လိုက်လံနှိုးဆော်နေပါတယ်။

ထိုင်းနိုင်ငံမှာ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ထိုင်းဝန်ကြီးချုပ်က မနေ့က အရေးပေါ်အစည်းအဝေး ခေါ်ယူပြီး ပြည်သူတွေကို ဘေးလွတ်ရာ ပြောင်းရွှေ့နေရာချထားရေး၊ ပင်လယ်ပြင်ထဲက လှေသင်္ဘောတွေ အကုန်ကမ်းပြန်ကပ်ရေး၊ မုန်တိုင်းအခြေအနေ မျက်ခြည်မပြတ် စောင့်ကြည့်ထုတ်ပြန်ရေးတွေအတွက် ထိုင်းစစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ ဌာနဆိုင်ရာ အသီးသီးကို ညွှန်ကြားထားပါတယ်။

အဲဒီညွှန်ကြားချက်အရ ထိုင်းတောင်ပိုင်း ပင်လယ်နားနီး နခွန်စီသမာရက်ခရိုင်အတွင်း မြို့နယ် ၆ မြို့နယ်က လူနာတွေနဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် ပြည်သူ စုစုပေါင်း ၃ သောင်းကျော်ကို ယာယီစခန်းပေါင်း ၄၀ ဆီ ပြောင်းရွှေ့ချထားတယ်လို့ Workpoint News သတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013