DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့ခေါင်းဆောင်များ မြန်မာ့လွတ်လပ်ရေးအတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့
DVB
·
January 4, 2019
ကမ္ဘာ့ခေါင်းဆောင်များ မြန်မာ့လွတ်လပ်ရေးအတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့
Donate to DVB

မြန်မာနိုင်ငံရဲ့ ၇၁ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်နဲ့ တောင်ကိုရီးယား အပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေက မြန်မာသမ္မတထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာတွေ ပေးပို့တယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပါတယ်။

ရုရှားသမ္မတ ဗလာဒီမီယာပူတင်က မြန်မာသမ္မတ ဦးဝင်းမြင့် ကျန်းမာပြီး အောင်မြင်မှုတွေ ရရှိစေဖို့နဲ့ မြန်မာပြည်သူ ပြည်သားတွေ ငြိမ်းချမ်းကြွယ်ဝ ချမ်းသာစေဖို့ သဝဏ်လွှာမှာ ဆုတောင်းပေးထားပါတယ်။

မြန်မာ-ရုရှား ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးအပေါ် အားရကျေနပ်မိပါကြောင်း၊ နှစ်နိုင်ငံ ပြည်သူ့အကျိုးအတွက် အာရှ-ပစိဖိတ်ဒေသ လုံခြုံရေးနဲ့ တည်ငြိမ်ရေးခိုင်မာစေဖို့ နယ်ပယ်ပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုတိုးမြင့်လာမယ်လို့ ယုံကြည်တယ်လို့လည်း သမ္မတ ပူတင်က ပြောပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ကလည်း ပြီးခဲ့တဲ့တနှစ်အတွင်း မြန်မာသမ္မတနဲ့ မြန်မာအစိုးရရဲ့ ဦးဆောင်မှုအောက်မှာ မြန်မာနိုင်ငံဟာ စီးပွားရေးတည်ဆောက်မှု၊ ပြည်သူ့လူမှုဘဝ တိုးတက်မှု၊ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပြည်ပဆက်ဆံရေး ကဏ္ဍတွေမှာ အရေးကြီးတဲ့ အောင်မြင်မှုတွေ ရရှိခဲ့တယ်လို့ သဝဏ်လွှာမှာ ပြောပါတယ်။

လက်ရှိအချိန် တရုတ်-မြန်မာ ဆက်ဆံရေးဟာ စဉ်ဆက်မပြတ် နက်နဲလာနေပြီး ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု တိုးတက်နေတယ်၊ တရုတ်-မြန်မာ ဆက်ဆံရေးကို မြင့်မားစွာ အလေးထားပြီး တရုတ်-မြန်မာ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးမှာ အခန်းကဏ္ဍသစ် တခုပြီးတခု ဝင်ရောက်နိုင်အောင် တွန်းအားပေးကာ နှစ်နိုင်ငံ အကျိုးစီးပွား ပိုမိုဖြစ်ထွန်းစေဖို့ ဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကလည်း ဂျပန်နိုင်ငံအနေနဲ့ မြန်မာပြည် ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးအတွက် ဆက်လက်ကူညီ ထောက်ပံ့သွားမယ်၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားမယ်လို့ ပြောပါတယ်။

ကိုရီးယားသမ္မတ မွန်းဂျဲအင်းကတော့ နှစ်နိုင်ငံအကြား အနာဂတ်မှာ ပိုမိုခိုင်မြဲနီးကပ်တဲ့ ဆက်ဆံရေးနဲ့ နှစ်ဖက်အကျိုးရှိစေမယ့် ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်သွားဖို့ မျှော်လင့်တယ်၊ နှစ်နိုင်ငံပြည်သူတွေအကြား ချစ်ခင်ရင်းနှီးမှုနဲ့ လုပ်ငန်းကိစ္စတွေ ပိုမိုလုပ်ဆောင်သွားနိုင်မယ်၊ မြန်မာသမ္မတရဲ့ ကြိုးပမ်းအားထုတ်မှုတွေအတွက် ဆက်လက် အောင်မြင်မှုရရှိစေဖို့နဲ့ မြန်မာပြည်သူတွေ ကြွယ်ဝချမ်းသာစေဖို့ ဆုတောင်းမေတ္တာ ပေးပို့လိုက်ပါတယ်။

အိန္ဒိယသမ္မတ ရှရီရမ် နက်သ်ကိုဗင့်ဒ်ကလည်း ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်လည်ပတ်ခဲ့တဲ့ ခရီးစဉ်ကို နှစ်ခြိုက်စွာ ပြန်ပြောင်း သတိတရ ဖြစ်မိတယ်၊ ခရီးစဉ်အတွင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ပြည်သူလူထုချင်း ဆက်သွယ်ချိတ်ဆက်မှုတွေ တိုးမြှင့်ဖို့ သဘောတူညီခဲ့တယ်လို့ သဝဏ်လွှာမှာ ရေးပါတယ်။

နှစ်နိုင်ငံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမို တိုးချဲ့လာနိုင်ခဲ့ကြပြီး အနာဂတ်မှာ ဆက်လက်ခိုင်မြဲဖို့ ဆောင်ရွက်သွားနိုင်မယ် မျှော်လင့်တယ်လို့လည်း အိန္ဒိယသမ္မတက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013