
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးစီးကျင်းပတဲ့ ၇၁ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပထမဆုံးအကြိမ် သဝဏ်လွှာပေးပို့ပါတယ်။
ရန်ကုန်တိုင်းစစ်ဌာနချုပ်ကနေတဆင့် ပေးပို့လာတာဖြစ်ပြီး နိုင်ငံရဲ့ရှေ့ရေးအတွက် အကောင်းမြင်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က ပြောပါတယ်။
"ကျနော်အားလုံးပဲ ဖတ်ခဲ့ရတာပဲဗျ။ လွတ်လပ်ရေးနေ့အတွက် သူတို့ နှုတ်ခွန်းဆက် သဝဏ်လွှာပို့တာပေါ့။ ကျနော်တို့ကတော့ နိုင်ငံရဲ့ရှေ့ရေးအတွက် အကောင်းပဲမြင်ပါတယ်ခင်ဗျ။ ကျနော်တို့ ကာကွယ်ရေးဦးစီးချုပ်က စစ်တိုင်း ၅ တိုင်းမှာလည်း အပစ်အခတ်ရပ်စဲထားတယ်။ နောက်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင်ကလည်း ၂၀၂၀ အမီ ပြည်သူတွေလက်ထဲကို ငြိမ်းချမ်းရေးအရောက် ပို့ပါမယ်ဆိုတဲ့ နှုတ်ကတိစကားကလည်း ရှိတယ်။ ဒီအချက်တွေဟာ ကာကွယ်ရေးဦးစီးချုပ်ရဲ့ နှုတ်ကတိနဲ့အညီ ဖြစ်ပေါ်လာတယ်လို့ ကျနော်တို့မြင်ပါတယ်။"
၇၁ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ဇန်နဝါရီ ၄ ရက်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဌာနချုပ်မှာ ကျင်းပခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကနေ ပထမဆုံးအကြိမ်သဝဏ်လွှာ ပေးပို့ခဲ့တာဖြစ်ပါတယ်။
ဒီအခမ်းအနားကို အန်အယ်လ်ဒီပါတီဝင်တွေ၊ နိုင်ငံရေးပါတီတွေ၊ နိုင်ငံတကာသံတမန်တွေ တက်ရောက်ခဲ့ကြပြီး သဝဏ်လွှာတွေ ပေးပို့ခဲ့ပါတယ်။











