DVB Logo
Home
မြန်မာသတင်း
စွန့်ပစ်မိုင်းများကြောင့် စစ်ပွဲဒေသက ပြည်သူများ ကိုယ်အင်္ဂါပျက်စီး အသက်ဆုံးရှုံးနေ
DVB
·
January 4, 2019
စွန့်ပစ်မိုင်းများကြောင့် စစ်ပွဲဒေသက ပြည်သူများ ကိုယ်အင်္ဂါပျက်စီး အသက်ဆုံးရှုံးနေ
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ရေးပဋိပက္ခ ဖြစ်ပွားနေတဲ့ ကျေးရွာတွေမှာ နေထိုင်ကြတဲ့ ဒေသခံပြည်သူတွေဟာ စွန့်ပစ်မိုင်းတွေကြောင့် ကိုယ်အင်္ဂါ ပျက်စီးတာနဲ့ အသက်ဆုံးရှုံးတာတွေ ရှိနေပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ တကျော့ပြန်တိုက်ပွဲတွေ စတင်ဖြစ်ပွားတဲ့ ၂၀၁၁ ခုနှစ် နောက်ပိုင်းက စတင်လို့ စစ်ရေးလှုပ်ရှားမှုတွေရှိနေတဲ့ ကျေးရွာတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေဟာ နှစ်ဖက် လက်နက်ကိုင်တပ်တွေရဲ့ စွန့်ပစ်မိုင်းတွေရဲ့ဒဏ်ကို ဆက်တိုက်ဆိုသလို ခံစားနေရတာပါ။

နမ့်ခမ်းမြို့ တအာင်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ တာမြင့်ကျော်က “ကျနော်တို့ လွယ်ချက်အုပ်စုမှာ မနှစ်က နှစ်ယောက် မိုင်းနင်းမိပြီးတော့ ဆုံးသွားတယ်။ ပြီးတော့ ခြံရှင်းရင်းနဲ့  မိုင်းကြိုးသွားဆွဲမိတော့ လက်ပြတ်သွားတယ်။”

မိုင်းကြောင့် ဒေသခံပြည်သူတွေအပြင် အိမ်မွေးတိရစ္ဆာန်တွေပါ ထိခိုက်သေဆုံးနေကြတာပါ။

မိုင်းကြောင့် ထိခိုက်ဒဏ်ရာရ သေဆုံးရတဲ့ အရပ်သားပြည်သူတွေကို ကူညီပေးနေတဲ့ မူဆယ် ကရုဏာလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးသောင်းထွန်းက “မိုင်းနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ ကရုဏာ လူမှုကူညီရေးအသင်းကနေပြီးတော့ တော်တော်လေး ကူညီပေးခဲ့ရပါတယ်။ ကလေးတွေလည်း ပါတယ်၊ လူကြီးတွေလည်း ပါတယ်၊ အမျိုးသမီးတွေလည်း ပါပါတယ်။ မိုင်းထိတဲ့အခါမှာ၊ မိုင်းကွဲတဲ့အခါမှာ တော်တော်များများကတော့ သေလောက်တဲ့ ဒဏ်ရာတွေလည်း ရှိတယ်။ ခြေပြတ်လက်ပြတ်တွေလည်း ကြုံဖူးပါတယ်။ တော်တော်များများ အန္တရာယ် တော်တော်ဖြစ်ခဲ့ကြပါတယ်။”

မိုင်းနဲ့ပတ်သက်ပြီး တပ်မတော်အနေနဲ့ မြန်မာ-တရုတ်နယ်စပ် ကိုးကန့်ဒေသဘက်မှာ ဧရိယာအလိုက် မိုင်းရှင်းလင်းရေးတွေ ဆောင်ရွက်နေတယ်လို့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်က ပြောခွင့်ရသူ ဗိုလ်မှူးကြီးဝင်းထွဋ်လေးက ပြောပါတယ်။

“အမ်အန်ဒီအေအေအဖွဲ့နဲ့ ကျနော်တို့ စစ်ရေးဖြစ်ခဲ့တာ ရှိပါတယ်။ အဲဒီအချိန်မှာ သူတို့ထောင်ခဲ့တဲ့ မိုင်းတွေ ရှိပါသေးတယ်။ အဲဒါကို ပြည်သူလူထု နင်းတာလည်းရှိတယ်။ ကျနော်တို့ တပ်မတော်သားတွေ နင်းတာလည်းရှိတယ်။ တဖက်နိုင်ငံက တရုတ်နိုင်ငံသားတွေလည်း နင်းသွားတာ ရှိပါတယ်။ နောက်ဆုံး ကျနော်တို့ပြည်သူလူထု နင်းတယ်ဆိုရင် နောက်ဆုံး ဆရာမ ၂ ယောက် မိုင်းထိခဲ့တဲ့ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ တဖက်က တရုတ်နိုင်ငံသားတွေ ကြံလာခုတ်တယ်။ အဲအချိန် မိုင်းနင်းမိတာရှိတယ်။ တဖက် တရုတ်နိုင်ငံ တပ်မတော်ကနေ ဆက်သွယ်ပြီးတော့မှ ဧရိယာအလိုက်လေးတွေပေါ့ နှစ်နိုင်ငံတပ်မတော်အကြား ပူးပေါင်းပြီးတော့ လက်ရှိ မိုင်းရှင်းလင်းတာလည်း ရှိပါတယ်။”

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူ၊ ကျောက်မဲ၊ မန်တုံ၊ နမ့်ဆန်၊ သီပေါ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ မူဆယ်နဲ့ လောက်ကိုင်မြို့နယ်တွေက ကျေးရွာတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေဟာ မိုင်းအန္တရာယ်ကို ခံစားနေရပါတယ်။

မိုင်းအန္တရာယ်လျာ့ချနိုင်ရေးအတွက် အရပ်ဘက်အဖွဲ့အစည်းတွေက အသိပညာပေးတာတွေ ရှိပေမယ့် ဒေသအတွင်းမှာတော့ မိုင်းကြောင့် အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရ သေဆုံးတာ လစဉ်ဆိုသလို ရှိနေဆဲဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013