DVB Logo
Home
မြန်မာသတင်း
ဒီမိုကရေစီ ဖက်ဒရယ်နှင့်အညီ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရန် ကြိုးပမ်းမည်ဟု သမ္မတပြော
DVB
·
January 4, 2019
ဒီမိုကရေစီ ဖက်ဒရယ်နှင့်အညီ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရန် ကြိုးပမ်းမည်ဟု သမ္မတပြော
Donate to DVB

ဒီမိုကရေစီကျင့်စဉ်နဲ့ ဖက်ဒရယ်မူတွေနဲ့အညီ နိုင်ငံတော်နဲ့ သင့်တော်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားမယ်လို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားလိုက်ပါတယ်။

ဇန်နဝါရီလ ၄ ရက်နေ့ ကျရောက်တဲ့  ၇၁ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ပြောကြားသွားတာပါ။

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်ဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးတို့အတွက် အဓိကလိုအပ်ချက်ဟာ ယုံကြည်မှုဖြစ်တယ်၊ တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေအကြား သံသယစိတ်ကင်းစင်ကာ ခိုင်မာတဲ့ ယုံကြည်မှုနဲ့ ဆွေးနွေးညှိနှိုင်း အဖြေရှာကြရမယ်၊ ဒီကတဆင့် တိုင်းရင်းသားအားလုံး လက်တွဲမဖြုတ်စတမ်း သွေးစည်းညီညွတ်မှုနဲ့   ဒီမိုကရေစီကျင့်စဉ်နဲ့ ဖက်ဒရယ်မူတွေနဲ့အညီ မိမိနိုင်ငံတော်နဲ့ သင့်တော်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမယ်” လို့ သမ္မတက ပြောပါတယ်။

လွတ်လပ်ရေးရပြီးနောက် အင်္ဂလိပ်ကိုလိုနီနယ်ချဲ့ရဲ့ သွေးခွဲအုပ်ချုပ်မှုကြောင့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေ အချင်းချင်းအကြား ယုံကြည်မှုတွေ လျော့နည်းလာပြီး သံသယစိတ်တွေ ကြီးထွားလာကာ ပြည်တွင်းပဋိပက္ခတွေမျိုးစုံ ပေါ်ပေါက်ခဲ့တယ်၊ ဒီအမွေဆိုးတွေကို ဆက်လက်ခံယူ ကျင့်သုံးကြတာကြောင့် နိုင်ငံတည်ငြိမ်အေးချမ်းမှု ယိုယွင်းခဲ့ရပြီး ဖွံ့ဖြိုးတိုးတက်မှုမှာလည်း နောက်ကျ ကျန်နေခဲ့ရတယ်လို့ နိုင်ငံတော် အကြီးအကဲက ပြောပါတယ်။

အခုနှစ် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသားရေး ဦးတည်ချက်တွေထဲမှာလည်း ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုဖြစ်ပေါ်ရေးအတွက် ဒီမိုကရေစီ စံချိန်စံညွန်းတွေနဲ့အညီ နိုင်ငံတော်နဲ့ သင့်တော်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတရပ်ပေါ်ပေါက်ဖို့  ကြိုးပမ်းဆောင်ရွက်ရေး ဆိုပြီး ပထမဆုံးအကြိမ် ထည့်သွင်းထားပါတယ်။

ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ဖို့နဲ့ တိုင်းပြည် ငြိမ်းချမ်း သာယာဝပြော ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် စေတနာမှန်နဲ့  ကြိုးပမ်းအားထုတ်ကြဖို့ သမ္မတက တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံကို အင်္ဂလိပ်ကိုလိုနီနယ်ချဲ့တို့က ၁၈၂၄၊ ၁၈၅၂၊ ၁၈၈၅ ခုနှစ်တွေမှာ ကျူးကျာ် စစ်သုံးကြိမ်ဆင်နွှဲခဲ့ပြီး ၁၈၈၅ ခုနှစ် နိုဝင်ဘာလမှာ မြန်မာတပြည်လုံး လွတ်လပ်ရေးဆုံးရှုံးခဲ့ရပြီး ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်မှာ လွတ်လပ်ရေးကို ပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013