DVB Logo
Home
မြန်မာသတင်း
ABSDF မြောက်ပိုင်း ဒုဥက္ကဋ္ဌကို နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေဖြင့် ထပ်အမှုဖွင့်
DVB
·
January 3, 2019
ABSDF မြောက်ပိုင်း ဒုဥက္ကဋ္ဌကို နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေဖြင့် ထပ်အမှုဖွင့်
Donate to DVB

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး - ABSDF (မြောက်ပိုင်း) ဒုဥက္ကဋ္ဌ ဦးအောင်ဆွေဦးကို နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ) နဲ့ ထပ်ပြီး အမှုဖွင့်လိုက်တယ်လို့ သူ့ရဲ့ရှေ့နေက ပြောပါတယ်။

ကချင်ပြည်နယ်၊ မိုးညှင်းမြို့ ရွာသစ်ကုန်းကျေးရွာအုပ်စုက ABSDF အဖွဲ့ဝင်ရဲ့ နာရေး လာရောက်ရာမှာ သက်ဆိုင်ရာကို အကြောင်းမကြားခဲ့တဲ့အတွက် ဒုဥက္ကဋ္ဌ ဦးအောင်ဆွေဦး အပါ ၃ ယောက်ကို မိုးညှင်းမြို့မရဲစခန်းကနေ မတရားအသင်းအက်ဥပဒေပုဒ်မ - ၁၇ (၁) နဲ့ အမှုဖွင့်ဖမ်းဆီးစစ်ဆေးခဲ့တာပါ။

သူတို့ ၃ ယောက်ကို၂၀၁၈ ဒီဇင်ဘာ ၁၄ ရက်က ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပြီး ၂၈ နေ့မှာ ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပြီးချိန်မှာ ဦးအောင်ဆွေဦးရဲ့လက်ကိုင်ဖုန်းထဲက ကြီး၊ ရေ၊ လေမှတ်တမ်းတွေပါတဲ့ ဥပဒေနဲ့ငြိစွန်းတဲ့ အချက်အလက်တွေကို တွေ့ရှိခဲ့တာကြောင့် ဦးအောင်ဆွေဦးကို နယ်မြေခံတပ်ရင်းတပ်ဖွဲ့က နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့ ထပ်ပြီး အမှုဖွင့်ခဲ့တာပါ။

ဦးအောင်ဆွေဦးရဲ့ ညီမ ဒေါ်ကြိုင်ကြိုင်ဦးက “မနေ့ကမှ သူနေတဲ့ မိုးညှင်းအကျဉ်းထောင်ထဲ က ထောင်ဝင်စာတွေ့ပြီး ပြန်လာတာ၊ ဒီလို နောက်တမှုနဲ့ ထပ်စွဲတယ်ဆိုတာတော့ သူလည်း မသိသေးသလို ကျမလည်း အခုထိ ဘာမှ မသိရသေးဘူး” လို့ ပြောပါတယ်။

ဦးအောင်ဆွေဦးရဲ့ ရှေ့နေ ဦးတင်လှိုင်က “မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇ (၁) နဲ့ စွဲခံ ထားရတဲ့အမှုမှာတင် တရားလိုပြသက်သေ ၁၀ ယောက်ရှိတယ်။ အခု တယောက်ပဲ စစ်ရသေးတယ်။ နောက်ရုံးချိန်းကတော့ ဇန်နဝါရီ ၁၀ နေ့ မိုးညှင်းမြို့နယ် တရားရုံးမှာပဲ ချိန်းဆို ထားတယ်” လို့ ပြောပါတယ်။

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ အမှတ် (၂၀၈) အမြောက်တပ်က ဒုဗိုလ်မှူးကြီး စိုင်းဉာဏ်ဝင်းကနေ တရားလို ပြုလုပ်ပြီး နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ - ၃ (၁) (ဂ) နဲ့ အရေးယူပေးဖို့ ဒီဇင်ဘာ ၃၀ ရက်က အမှုဖွင့်ခဲ့တာကြောင့် ဦးအောင်ဆွေဦးကို မိုးညှင်းမြို့မရဲစခန်းမှူး ဒုရဲမှူးအောင်ဆန်ထွန်းကနေ အမှုကို ဆက်လက်စစ်ဆေးနေတယ်လို့ ပြောပါတယ်။

ရေရှည်တည်တံ့တဲ့ ငြိမ်းရေးတည်ဆောက်ချိန်မှာ အန်စီအေ အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ ABSDF တပ်ဖွဲ့ဝင်တွေကို အခုလိုမျိုး မတရားအသင်း ဆက်သွယ်မှုပုဒ်မနဲ့ ဖမ်းဆီးတာမျိုး မလုပ်သင့်ဘူးလို့ ABSDF မြောက်ပိုင်းဥက္ကဋ္ဌ ရဲဘော်လဆိုင်းက ဒီဗွီဘီကို ပြောထားပါတယ်။

တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးအရေးယူဖို့ လုပ်ဆောင်နေတာ ချက်ချင်းရပ်တန့်ပေးဖို့နဲ့ ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ABSDF  ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013