ပီလောပီနံဥ စိုက်ပျိုးသည့် တောင်သူများ အစိုးရအထောက်အပံ့ လိုအပ်နေ
DVB
·
January 3, 2019

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ ဖလုံဘူတာကျေးရွာအုပ်စုအတွင်းက ပီလောပီနံဥ စိုက်ပျိုးတဲ့ တောင်သူတွေက ဈေးကွက်အတွင်း ဈေးကောင်းရပြီး ရောင်းအားကောင်းနေပေမယ့် စိုက်ပျိုးမှု နည်းပညာနဲ့ ကုန်ချောထုက်လုပ်နိုင်ဖို့ အခြားစိုက်ပျိုးတောင်သူတွေလို အစိုးရကထောက်ပံ့ပေးဖို့ လိုအပ်နေတယ်လို့ ကလောစိုက်တောင်သူတွေက ပြောပါတယ်။
အောင်ချမ်းသာကျေးရွာက ပီလောပီနံဥ စိုက်ပျိုးသူ ဦးချစ်မျိုးဆွေက “တခြားစိုက်ပျိုးရေးထက်စာရင် ပီလောပီနံဥ စိုက်တာက ပိုတွက်ခြေကိုက်တယ်။ ကျနော်က ကိုယ်တိုင်လည်း စိုက်ပျိုးတယ်။ တခြားကလည်းဝယ်ပြီး အမှုန့်ကြိတ်တယ်။ အမှုန့်ကို ရန်ကုန် အဝယ်ဒိုင်တွေကို ပြန်ရောင်းတယ်။ အရင်နှစ်တွေက ပီလောပီနံဥကို တောင်သူတွေဆီက တပိဿာကို ၁၅၀ ကျပ်ပေးဝယ်ရတယ်။ ဒီနှစ် တပိဿာကို ၃၀၀ ကျပ်အထိ ပေးဝယ်ရတယ်။ မနှစ်က ထိုင်းပီလောပီအမှုန့်တွေ ဝင်တာကြောင့် ဈေးသိပ်မရဘူး။ ဒီနှစ် အဲဒီဘက်က မဝင်တော့ တပိဿာကို ၁၂၀၀ ကျပ်ကနေ၊ ၁၅၀၀ ကျပ်အထိ ရောင်းရတယ်။ တခြားစိုက်ပျိုးသီးနှံတွေက ရာသီဥတုကြောင့် ပျတ်စီးဆုံးရှုံးတာများတယ်။ ပီလောပီနံက အပျတ်အစီးမရှိဘူး။ ဒီနှစ် ပီလောပီနံဥ စိုက်ပျိုးတဲ့တောင်သူ ပိုများလာတယ်” လို့ပြောပါတယ်။
တရုတ်၊ ဂျပန်နိုင်ငံနဲ့ စင်ကာပူနိုင်ငံတွေက ပီလောပီနံအမှုန့်တင်ပို့ပေးဖို့ ကမ်းလှမ်းတာတွေ ရှိပေမယ့် ခေတ်မီအမှုန့်ထုက်လုပ်နိုင်တဲ့ စက်တွေမရှိလို့ လက်မခံနိုင်ဘူးလို့ ရန်ကုန် ပီလောပီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးအုန်းမြင့်က ပြောပါတယ်။
“ထိုင်းနိုင်ငံက ခေတ်မီပီလောပီနံ ကြိတ်စက်ကြီးတွေရှိတော့ တခါတည်းကြိတ်တာနဲ့ သန့်စင်ပြီးသား အခြောက်အမှုန့်ကို တန်းရတာ။ ကျနော်တို့က ကိုယ်တိုင်တီထွင်ထားတဲ့ စက်ကလေးတွေနဲ့ ပီလောဥကို အမှုန့်ကြိတ်ပြီးတော့ အနည်ထိုင်ကန်တွေကိုပို့ပြီး၊ ရလာတဲ့အနှစ်ကို နေလှန်း၊ အလုပ်သမားတွေက အမှုန့်လုပ်ပေးရတယ်။ အချိန်လည်းကုန်တယ်။ ကုန်ကျစရိတ်လည်း ပိုများတယ်။ တရုတ်၊ ဂျပန်နိုင်ငံနဲ့ စင်ကာပူနိုင်ငံတွေကတော့ ကမ်းလှမ်းတာတွေရှိတယ်။ ကျနော်တို့နိုင်ငံက စိုက်ပျိုးတာနည်းတဲ့အတွက် ပြည်ပနိုင်ငံတွေကို မပို့နိုင်တဲ့အပြင် ပြည်တွင်းမှာလည်း မလောက်ဘူးဖြစ်နေတာ။ အစိုးရအနေနဲ့ ပီလောစိုက်တောင်သူတွေကို ထောက်ပံ့တာတွေ ပြုလုပ်ပေးမယ်၊ အဆင့်မြင့်ပီလောမှုန့်စက်ရုံတွေ တည်ဆောက်ပေးနိုင်မယ်ဆိုရင် နိုင်ငံတော်အတွက် အခွန်ဝင်ငွေတိုးလာပြီး အကျိုးအမြတ်ရှိလာမယ်” လို့ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဧရာဝတီတိုင်းက ပီလောပီနံဥ စိုက်ပျိုးတာ အများဆုံးဖြစ်ပြီး ဧက ၄၀၀၀၀ ကျော်အထိ ရှိပါတယ်။
ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ် ဖလုံဘူတာကျေးရွာအုပ်စုမှာ သုံးနှစ်အတွင်း ပီလောပီနံဥ စိုက်ပျိုးမှုဧက ၁ သောင်းကျော်အထိ များပေမယ့် စိုက်ပျိုးမြေနည်းတာ၊ စိုက်ပျိုးရေးနည်းပညာနဲ့ မျိုးကာင်းမျိုးသန့်တွေ လိုအပ်မှုနဲ့ စိုက်ပျိုးနိုင်ဖို့ အထောက်အပံ့တွေ လိုအပ်နေတယ်လို့ တောင်သူတွေက ဆိုပါတယ်။
သတင်း-မေသွယ်