
ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ ဒီဇင်ဘာနောက်ဆုံးပတ်အတွင်း စစ်ပြေးဒုက္ခသည် အသစ်တွေထောင်နဲ့ချီ တိုးလာနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုအကူအညီပေးရေး ဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က သတင်းထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၂၂ ရက်ကနေ ၂၅ ရက်အတွင်း ရှမ်းပြည်နယ် သီပေါမြို့နယ်၊ တွန်ကျိုင်းကျေးရွာမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်(RCSS/SSA)နဲ့ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်(SSPP/SSA) တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် အနည်းဆုံး ရွာပေါင်း ၁ဝ ရွာက လူဦးရေ ၁,၂ဝဝ ကျော် အသစ်ထပ်မံ နေရပ်စွန့်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။
အလားတူ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (AA)တို့အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့တာကြောင့် လူဦးရေ ၁,၅ဝဝ ခန့် စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး၊ ဒီဇင်ဘာ ၈ ရက်အထိ နေရပ်စွန့်ခွာတိမ်းရှောင်ရတဲ့ လူဦးရေ စုစုပေါင်း ၂,၅ဝဝ ခန့် ရှိပြီလို့ ကုလသတင်းမှာ ဖော်ပြပါတယ်။
ရှမ်းပြည်နယ်က နေရပ်စွန့်ခွာတိမ်းရှောင်ရသူတွေဟာ သီပေါမြို့နယ်အတွင်း နေရာ ၃ နေရာ ရှိ ဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလှုံခဲ့ကြပြီး၊ သူတို့အတွက် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ ပြည်တွင်းနဲ့ နိုင်ငံတကာက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက အကူအညီတွေ ပံ့ပိုးပေးခဲ့ပါတယ်။
ရခိုင်က စစ်ပြေးဒုက္ခသည်တွေကိုလည်း အစိုးရ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ ပြည်တွင်းနဲ့ နိုင်ငံတကာက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့အစည်းတွေက ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်တွေအတွက် ဒီဇင်ဘာ ၂၉ ရက်နဲ့ ၃၁ ရက်မှာ ကနဦး အထောက်အပံ့တွေ ပံ့ပိုးပေးထားပါတယ်။











