DVB Logo
Home
မြန်မာသတင်း
နမ္မတူမြို့နယ်အတွင်း တိုက်ပွဲကြောင့် လူ ၃၀၀ ကျော် ထွက်ပြေးတိမ်းရှောင်
DVB
·
January 3, 2019
နမ္မတူမြို့နယ်အတွင်း တိုက်ပွဲကြောင့် လူ ၃၀၀ ကျော် ထွက်ပြေးတိမ်းရှောင်
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း အခုရက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားတဲ့အတွက် ရွာ ၄ ရွာက ဒေသခံ ၃၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

နမ္မတူမြို့နယ် မန်စံကျေးရွားအနီး မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) တို့အကြား ဒီဇင်ဘာ ၃၁ ရက်နေ့ကစပြီး ဇန်န၀ါရီ ၂ ရက်နေ့အထိ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

တိုက်ပွဲကြောင့် ဇန်န၀ါရီ ၁ ရက်နဲ့ ၂ ရက်နေ့တွေ တိုက်ပွဲကြောင့် မန်စံကျေးရွာ  ရွှေစကားဝါ ဘုန်းကြီးကျောင်းမှာ ထွက်ပြေးတိမ်းရှောင်လာကြတာလို့ နမ္မတူလွှတ်တော်ကိုယ်စားလှယ် နန်းခမ်းအေးက ပြောပါတယ်။

“တိုက်ပွဲက ၃၁ ရက်နေ့တုန်းကတော့ ခဏလေးဖြစ်တယ်။ ဒါပေမယ့် အခုပြေးလာတာက ၁ ရက်နဲ့ ၂ ရက်တိုက်ပွဲကြောင့် ပြေးလာတာ။ ရွာက နားဟိုင်း၊ နားငူး၊ နားကျိုင်း၊ နောင်အော ၄ ရွာ။ လူဦးရေကတော့ ဘုန်းကြီးကျောင်း ကမ့်မှာ ရောက်နေတာက ၃၁၆ ယောက်ပါ။ နီးစပ်ရာ အမျိုး အသိုင်းအ၀ိုင်းတွေမှာ သွားနေနေတာလည်း ရှိသေးတယ်။”

နမ္မတူမြို့နယ်အတွင်း တိုင်းရင်းသားလက်ကိုင်တပ်ဖွဲ့တွေအကြား မကြာခဏဆိုသလို တိုက်ပွဲဖြစ်ပွားနေပြီး တနေရာမှာတိုက်ပွဲရပ်ရင် နောက်တနေရာမှာ တိုက်ပွဲဖြစ်ပွားလို့ ရွာသားတွေ အမြဲထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ နန်းခမ်းအေးက ပြောပါတယ်။

လတ်တလောတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်တွေအနေနဲ့ နေထိုင်ဖို့ အမိုးအကာ လုံလုံလောက်လောက် လိုအပ်သလို ဆောင်းတွင်း ရာသီဥတုအေးတာကြောင့် အနွေးထည်၊ စောင်နဲ့ အိပ်ယာခင်းတွေ လိုအပ်နေပါတယ်။

“ဆောင်းတွင်းဆိုတော့ အခက်အခဲတွေ အများကြီးရှိတာပေါ့။ တချို့က အိပ်ရာတွေမရတာ၊ ကျောင်းသွားနေတဲ့ ကလေးတွေ ဆိုလို့ရှိရင်လည်း ဘုန်းကြီးကျေင်းကနေပဲ ကျောင်းတက်နေရတယ်။ အဲလိုအခက်အခဲတွေရှိတယ်။  အစားအသောက်တွေကျတော့လည်း ဟင်းပေါ့နော်။ မနေ့ကကျတော့ လွှတ်တော်ကိုယ်စားလှယ်တွေ လှူဒါန်းတဲ့အတွက်ကြောင့် ဟင်းဖိုးတွေရနေပြီ။ နောက်တခု ထူးခြားမှုက ကျမတို့ နမ္မတူမှာ တနေရာမဟုတ် တနေရာ တိုက်ပွဲဖြစ်နေတယ်။ ဥပမာ ဒီသုံးလေးရွာက ဒီနေ့ တိုက်ပွဲမဖြစ်တော့ဘူး၊ ပြန်သွားလို့ရပြီဆိုရင် သူတို့က ပြန်သွားလိမ့်မယ်။ လက်နက်ကိုင်တွေက ပြန်လှုပ်ရှားလိုက်ရင် နောက်တနေရာမှာ တိုက်ပွဲဖြစ်ပြီဆိုရင် အဲဒီက ရွာတွေ ပြန်ပြေးလာတယ်။ အဲလိုဖြစ်နေတယ်။ အဲတော့ ရေရှည်ဘာလိုအပ်သလဲဆိုရင် ဒီကမ့်တွေမှာ အမိုးအကာ လိုအပ်နေတယ်။”

စစ်တိုင်း ၅ တိုင်းမှာ တပ်မတော်ဘက်က စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေကို ၂၀၁၉ ခုနှစ် ဧပြီလကုန်ပိုင်းထိ ၄ လကြာ ရပ်ဆိုင်ထားမယ်လို့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့က တရားဝင်ထုတ်ပြန်ထားပါတယ်။

အဲဒီထုတ်ပြန်ချက်ထဲမှာလည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချင်းချင်း တဖွဲ့နဲ့တဖွဲ့ အပြန်အလှန် အင်အားအသုံးပြု တိုက်ခိုက်တာ၊ ဒေသခံတိုင်းရင်းသားများအပေါ် အနိုင်ကျင့်တာ တွေကို မပြုလုပ်ရေး တာဝန်ယူထိန်းသိမ်းဆောင်ရွက်ဖို့ လိုအပ်ကြောင်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် နိုင်ငံတော်အစိုးရရဲ့ အုပ်ချုပ်မှု ယန္တရား အဆင့်ဆင့်နဲ့ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးတို့အတွက် ပြည်သူလူရဲ့ အသက်အိုးအိမ် စည်းစိမ်နဲ့ အကျိုးစီးပွားတွေကို ထိခိုက်မှု မဖြစ်စေရေးအတွက် တာဝန်ယူရမယ်လို့ တပ်မတော်က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013