DVB Logo
Home
မြန်မာသတင်း
နေရပ်ပြန်လိုသည့် စစ်ဘေးရှောင်များကို တပ်မတော်ကူညီမည်
DVB
·
January 3, 2019
နေရပ်ပြန်လိုသည့် စစ်ဘေးရှောင်များကို တပ်မတော်ကူညီမည်
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေကြတဲ့ ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့နေရပ်ကို ဆန္ဒအရပြန်မယ်ဆိုရင် လိုအပ်တဲ့အကူအညီတွေ ဆောင်ရွက်ပေးမယ်လို့ ဒေသဆိုင်ရာ တပ်မတော်ပြောရေးဆိုခွင့်ရှိသူ တဦးက ဒီဗွီဘီကို ပြောပါတယ်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်က တိုင်းဦးစီးအရာရှိ ဗိုလ်မှူးကြီးဝင်းထွဋ်လေးက “သက်ဆိုင်ရာနေရပ်တွေမှာ အခြေချထားပြီးသား ရှိတယ်ဆိုရင် ပြန်လို့ရပါတယ်။ ပြန်ဖို့ အတင်းအဓမ္မတော့ ကျနော်တို့ မပြောပါဘူး။ အခြေမချသေးဘူး ပြန်ချင်တဲ့ အနေအထား ရှိတယ်ဆိုရင် ကျနော်တို့ တပ်အနေနဲ့ ဘာကူညီပေးရမလဲ။ ယာဉ်စီစဉ်ပေးရမလား။ သွားဖို့လာဖို့ စီစဉ်ပေးရမလား။ နေဖို့ထိုင်ဖို့ စီစဉ်ပေးရမလား။ ဒါမျိုးတွေ စီစဉ်ပေးပါမယ်”လို့ ပြောပါတယ်။

စစ်ဘေးရှောင်တွေ နေရပ်ပြန်ဖို့ တပ်မတော်ဘက်က ကူညီပေးမယ်လို့ ပြောကြားလာတာနဲ့ ပတ်သက်ပြီး အရပ်ဘက်အဖွဲ့အစည်းတချို့ကတော့ စစ်ဘေးရှောင်တွေရဲ့လူမှုဘ၀ လုံခြုံရေးကို အပြည့်အ၀ တာဝန်ယူပေးစေချင်တယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ငြိမ်းချမ်းရေး အရပ်ဘက်အဖွဲ့အစည်းများကော်မတီဝင် နန်းစံပါယ်က “စစ်ရှောင်တွေ ပြန်ချင်ရင်ပြန်လို့ရပြီဆိုတာကတော့ သူတို့က သူတို့သဘောနဲ့ သူတို့ ရွှေ့လာတာ မဟုတ်ဘူးလေ။ သူတို့ဘက်မှာ စစ်ဖြစ်လို့ မလုံခြုံလို့ ရွှေ့လာတဲ့ အခါကြတော့ ဒီအပေါ်မှာ တာဝန်ယူမှု တာဝန်ခံမှု တခုတော့ အစိုးရက လုပ်ပေးသင့်တယ်လို့ ထင်တယ်။ သူတို့ နေရပ်မှာ လုံခြုံမှုရှိရှိ အခြေချ နေထိုင်ဖို့ဆိုတာ အများကြီး လုပ်ရအုံးမယ်။ တပ်က အပစ်ရပ်ထားတဲ့ လေးလအတွင်းမှာ ဒါကို အလောတကြီး မလုပ်စေချင်ဘူး။ ဒါဟာ ယုံကြည်မှုကို ထိခိုက်နိုင်တဲ့ လှုပ်ရှားမှု တခုဖြစ်မှာ စိုးလို့ပေါ့နော်။” လို့  ပြောပါတယ်။

စစ်တိုင်းဒေသ ၅ တိုင်းမှာ တပ်မတော်ဘက်က စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေကို ၂၀၁၉ ခုနှစ် ဧပြီလကုန်ပိုင်းထိ ရပ်ထားမယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၁ ရက်နေ့က တရားဝင်ထုတ်ပြန်ပြီး နောက် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းက စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံ နေကြတဲ့ ပြည်သူတွေ နေရပ်ပြန်မယ်ဆိုရင် တပ်မတော်ဘက်က လိုအပ်တဲ့ အကူညီတွေ ပေးသွားမယ်လို့ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားတာ နှစ်နဲ့ချီကြာမြင့်နေပြီဖြစ်ပြီး စစ်ဘေးရှောင်စခန်း ၂၀ နီးပါးရှိကာ နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရတဲ့ ပြည်သူလူထု အနည်းဆုံး ၃၀၀၀၀ ကျော်ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013