DVB Logo
Home
မေးမြန်းခန်း
နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းနှင့် မေးမြန်းခန်း
DVB
·
September 12, 2012
နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းနှင့် မေးမြန်းခန်း
Donate to DVB

မကြာသေးခင်က နိုင်ငံတော် သမ္မတကနေ ၀န်ကြီးနေရာ တော်တော်များများကို အပြောင်းအလဲတွေ ပြုလုပ်ခဲ့ပါတယ်။ သမ္မတရုံးဝန်ကြီးတွေကိုလည်း ၆ ဦးအထိ အင်အားဖြည့်ခဲ့ ပါတယ်။ အဲထဲမှာ ပါဝင်တဲ့ ၀န်ကြီး ဦးစိုးသိန်းကို ဒီမိုကရက်တစ်မြန်မာ့အသံ ညွှန်ကြားရေးမှူး ဦးအေးချမ်းနိုင် တွေ့ဆုံ မေးမြန်းထားပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့ပတ်သက်ပြီး အကြိတ်အနယ်ဆွေးနွေးကြတယ်။ တချို့ပြင်ဆင်မှုတွေလည်း ရှိပါတယ်။ ဒါပေမယ့် နောက်ဆုံး သောကြာနေ့က ပြည်ထောင်စုလွှတ်တော်ကနေ အတည်ပြုလိုက်တယ်။ အဲဥပဒေနဲ့ပတ်သက်ပြီး ၀န်ကြီးတို့ဘက်က ပြန်တင်ပြတဲ့အချက်အလက်တွေလည်း ပါပါတယ်။ ဥပမာ ဒေါ်လာ သန်း ၅ သန်းပါလာရမယ်ဆိုတာမျိုး၊ နောက် ၄၉၊ ၅၁ ရာခိုင်နှုန်း၊ လွှတ်တော်ကပြင်တဲ့အချက်တွေ၊ ၀န်ကြီးတို့ ပြန်ပြင်တဲ့အချက်တွေလည်း ရှိပါတယ်။ နောက်ဆုံး ကျသွားတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့ ပတ်သက်ပြီး ၀န်ကြီး ဘာပြောချင်ပါလဲ။

“နိုင်ငံတော်သမ္မတဆီ တင်ထားပြီးတော့ နိုင်ငံတော်သမ္မတ လက်ဝယ်ရောက်တဲ့အခါမှာ ကျနော်တို့အဖွဲ့ပြန်ပြီး အစည်းအဝေးထိုင်ပြီးတော့ ကြည့်ပေးပါ မယ်။ လိုအပ်ရင် သမ္မတကြီးကို ပြန် အကြံပြုပါမယ်။ ကျနော် ထင်တာတော့ တော်တော်ကောင်းလာပြီလို့ ထင်ပါတယ်။ ကျနော့်မျက်စိနဲ့တော့ မတွေ့သေးဘူး။ ကျနော့်တွဲဖက်အတွင်းရေးမှူး သူရဦးသောင်းညွန့်ပြောတာတော့ တော်တော်ကိုပြည့်စုံတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေမျိုးဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

တချို့စိတ်ပူကြတာက ရင်းနှီးမြှုပ်နှံမှုဥပဒေက အရင် အစိုးရနဲ့နီးစပ်တဲ့ လူနည်းစုတစုပေါ့။ သူတို့အကျိုးကိုများ ကြည့်မလားပေါ့။ အခု ကျသွားတဲ့ ဥပဒေမှာရော အဲလိုအချက်အလက်တွေ ပါလားဗျ။

“မပါနိုင်ဘူးလို့ ယုံကြည်ပါတယ်။”

နိုင်ငံခြားကုမ္ပဏီတွေ ၀င်လာဖို့ဆိုရင် ကျနော်တို့တိုင်းပြည်ရဲ့ မြေဈေးတွေက ဈေးကြီးနေသေးတယ်။ ဒါကိုလျှော့ချဖို့ ၀န်ကြီးကိုယ်တိုင်လည်း ကြိုးစားမယ်ဆိုပြီး ပြောထားတာရှိပါတယ်။ အဲအချက်နဲ့ ပတ်သက်လို့ရော ၀န်ကြီး ဘယ်လိုကြိုးစားဖို့ စီစဉ်ထားပါလဲ။

“ကျနော်တို့ရဲ့ မြေတန်ဖိုး၊ မြေနဲ့ဆက်စပ်တဲ့ ရင်းနှီးမြှုပ်နှံမှုပေါ့။ ဘာလုပ်လုပ် မြေတန်ဖိုးက ဒီဒေသတွင်းမှာ သာမန်ထက် ဈေးကြီးနေသေးတယ်။ ဒါက သင့်တော်တဲ့ ဈေးလေးဖြစ်ဖို့လိုတာပေါ့။ လူတွေက ဈေးကြီးတော့ မြေပေါ်မှာ လာပြီးမြှုပ်နှံတာပေါ့။ ရင်းနှီးမြှုပ်နှံမှုတွေက တနေရာမှာသွားအိပ်နေတာပေါ့။ ကျနော်ဆိုလိုတာကတော့ income generate လုပ်နိုင်တဲ့ ငွေကို ပိုပြီးထုတ်လုပ်နိုင်ရင် တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်နိုင်တာပေါ့။ ငွေတွေအများကြီး သွားအိပ်နေတယ်။ အရင်ကဆိုရင် ကားမှာရင်းတော့ ငွေတွေအများကြီး သွားအိပ်နေတာပေါ့။ ကားကိစ္စပြီးသွားတော့ မြေမှာသွားအိပ်နေမှာဆိုတော့ ကျနော်တို့လည်း စဉ်းစားပါတယ်။ မြေယာပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်လို့ စာရင်းတွေကောက်မယ်။ ကောက်ပြီး ထိုက်သင့်တဲ့ အခွန်တွေကို ပြန်ပြီး review (ဆန်းစစ်) မယ်။ ဒါဆိုရင် မြေယာမှာ ရင်းနှီးမြှုပ်နှံတာ ထိုက်သင့်သလောက် နည်းသွားမယ်။ ထိုင်းမှာလုပ်ပါတယ်။ price review လုပ်တယ်။ costing (ကုန်ကျမှု) ပေါ့။ ဒါကို ပြည်ထဲရေးဝန်ကြီးဌာနကလုပ်တယ်။ အဲလိုနည်းစနစ်လေး ကျင့်သုံးမယ် ဆိုရင်တော့ တချိန်မှာ ထိုက်သင့်တဲ့ ဈေးနှုန်းတွေဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ ၊ မြေယာပေါ်မှာ အသုံးပြုပြီး စိုက်ပျိုးကြမယ်။ စက်ရုံတွေ ဆောက်ကြမယ်။ ဒါတွေက ပိုပြီး အသက်ဝင် လာမယ်လို့ ထင်တယ်။ မဟုတ်ရင်တော့ စစချင်း မြေယာမှာ မြှုပ်နှံတဲ့ငွေက ကုန်သွားတဲ့အခါမှာ ဆက်ပြီး running capital အတွက် ငွေက သိပ်မရှိနိုင်တော့ဘူး။ ဒီအခက်အခဲလေးတွေ ကျနော်တို့မြင်လာတယ်။ ဒါတွေကြိုးစားပြင်သွားမယ်။”

ဘယ်အချိန်လောက်မှာ ပြင်နိုင်မယ်လို့ ခန့်မှန်းလဲ။

“ကြိုးတော့ကြိုးစားနေတာပဲ။ လုပ်စရာအလုပ်တွေကလည်း အများကြီးဆိုတော့ ကျနော်လည်း ကြိုးစားနေပါတယ်။”

အခုလတ်တလောမှာ မြေယာအသိမ်းခံရတဲ့ လယ်သမားတွေ ဆန္ဒပြတာ အတော်များများမှာတွေ့နေရပါတယ်။ အထူးသဖြင့် လယ်မြေတွေ အသိမ်းခံထားကြရတာပေါ့။ တချို့က စစ်တပ်ကသိမ်းထားတာမျိုး ရှိသလို ကုမ္ပဏီတွေက သိမ်းထားတဲ့ လယ်မြေတွေလည်း ရှိပါတယ်။ အဲ့ကိစ္စကို ၀န်ကြီးတို့အနေနဲ့ ဘယ်လိုမျိုး ဖြေရှင်းပေးဖို့ စီစဉ်ထားပါလဲ။

“ကျနော့်ဘက်လည်း အစီအစဉ်လေးတခု ရှိတယ်။ လွှတ်တော်ဘက်ကလည်း စီစဉ်ထားတာရှိတယ်။ ဦးတင်ထွဋ် ဦးဆောင်တဲ့ ကော်မတီကလည်း လိုက်ပြီးတော့ စစ်ဆေးပြီး ကျကျနန စီမံဆောင်ရွက်နေတာရှိတယ်။ သူ့ဘက်ကစီမံဆောင်ရွက်တာ အဆင်ပြေရင် သူစီမံဆောင်ရွက်တာကို လိုက်ပြီးတော့ အကောင်အထည်ဖော်ပေးမှာပဲ။ ကျနော့်ဘက်ကလည်း ထိုက်သင့်တာတွေ လိုက်ကြည့်နေပါတယ်။ သို့သော်လည်းပဲ သူက အစတခုကိုင်လို့မပြီးဘူးပေါ့။ တခုက ပေးလိုက်လို့ လွယ်ပေမယ့် နောက်တခုက လာ impact (အကျိုးသက်ရောက်မှု) ဖြစ်တော့ ကျယ်ကျယ်ပြန့်ပြန့် လေ့လာပြီးတော့ လယ်ယာမဲ့ လယ်လုပ်တဲ့သူတွေကို ကျနော်တို့ အစီအမံလေးတခု လုပ်ပေးဖို့ နိုင်ငံတော်သမ္မတကြီးက သူ့ခေါင်းထဲမှာ အစီအစဉ်တွေရှိပါတယ်။ ကျနော်တို့လည်း ပြောထားပါတယ်။ လတ်တလောတော့ အကောင်အထည်မဖော်နိုင်သေးဘူး။ သို့သော်လည်းပဲ မရှေးမနှောင်းမှာ အကောင်အထည်ဖော်နိုင်မယ်လို့ ထင်ပါတယ်။ အခု အစိုးရသစ်လက်ထက်မှာ မြေသိမ်းဆည်းတဲ့အလုပ်တွေ တခုမှ မလုပ်ပါဘူး။”

ဒီအစိုးရသစ်လက်ထက်မှာ လယ်မြေတွေ သိမ်းဆည်းခဲ့တာမဟုတ်ဘူး။ အရင် လက်ထက်မှာ သိမ်းခဲ့တာ၊ ပြောရရင်တော့ လယ်သမားတွေက လယ်မြေမဲ့တွေ မဟုတ်ဘူး။ သူတို့ကိုယ်တိုင် လယ်ယာမြေလုပ်နေတယ်။ သူတို့ ကိုယ်တိုင် တောင်ယာတွေခုတ်နေတယ်။ နောက်ပိုင်းကျမှ အသိမ်းခံရတဲ့ ကိစ္စပေါ့နော်။ အဲအပေါ်မှာ မကျေနပ်ကြတာပေါ့။ အခု ကျနော်တို့တွေ့နေရတာ ဆိုရင် တော်တော်များများ ဖြစ်နေတဲ့အခါ ဒီပြဿနာ ဒီထက်ပိုကြီးလာမလားပေါ့။ အလျင်အမြန် ဖြေရှင်းဖို့ လိုပြီးလားလို့ မေးတာပါ။

“လိုအပ်ပါတယ်။ ဖြည်းဖြည်းပေါ့ ဖြည်းဖြည်းဆိုပေမယ့် တဆင့်ပြီးတဆင့်လုပ်ရမယ်။ အလျင်အမြန်လည်း ဖြေရှင်းရမယ်။ Land reform နဲ့ပတ်သက်လို့ တော်တော် sensitive ဖြစ်တယ်လေ။ ဒါလေးကို အားလုံး comprehensive view နဲ့လုပ်မှ အောက်ခြေအဆင့် လယ်သမားတွေအတွက် မနစ်နာတဲ့ အစီအမံတွေ ဖြစ်မယ်။ လယ်သမားမှာ ၅ မျိုး ရှိပါတယ်။ အောက်ခြေအဆင့် လယ်သမား၊ လယ်လုပ်တယ် လယ်မရှိဘူး လယ်ကူလီလိုမျိုးပေါ့။ အဲလူတွေအတွက် အများကြီး အလေးထားပြီးတော့ နိုင်ငံတော်သမ္မတကြီးက စဉ်းစားပေးနေတယ်။ ဒါနဲ့ပတ်သက်လို့တော့ အခွင့်မသာသေးလို့ ကျနော်မပြောလိုသေးပါဘူး။”

နောက် ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်လို့ Telecommunication မှာ ဆက်သွယ်ရေးဝန်ကြီးဌာနက တယ်လီဖုန်းနဲ့ ပတ်သက်လို့ ကုမ္ပဏီ ၄ ခုကို သူတို့ချပေးမယ်။ သူတို့နဲ့ ဖက်စပ်လုပ်ဖို့ပေါ့။ အဲမှာလည်း တချို့က ၁၀၀ ရာခိုင်နှုန်း ပုဂ္ဂလိကမပေးဘဲနဲ့ ဆက်သွယ်ရေးနဲ့ လုပ်ရမယ်ဆိုတာမှာ တချို့ကလည်း ဝေဖန်တဲ့ဝေဖန်ချက်တွေလည်း ရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ရော ၀န်ကြီး ဘာပြောချင်ပါလဲ။

“အစပိုင်းမှာတော့ ဒီကုမ္ပဏီ ၄ ခုပဲပေးတယ်မဟုတ်သေးဘူး။ ကျနော်တို့က ICT ကဏ္ဍတိုးတက်ဖို့ တကယ်လိုအပ်ပါတယ်။ ကျနော်တို့နိုင်ငံရဲ့ တယ်လီဖုန်းအရေအတွက်က ၃-၄-၅ ရာခိုင်နှုန်းပဲရှိပါသေးတယ်။ ယိုးဒယားမှာဆိုရင် ၁၀၀ ရာခိုင်နှုန်းရှိတယ်။ တခြားနိုင်ငံတွေရော ဒီ ICT ဖွံ့ဖြိုးမှ ဘဏ်လုပ်ငန်းတွေ၊ ကျန်းမာရေး၊ ပညာရေး စသဖြင့် ဒါတွေ အများကြီး ဆက်စပ်ပြီးတော့ ဒါတွေအတွက် ဦးစားပေးအဆင့်ထဲမှာပါတယ်။ သို့သော်လည်း စနစ်တကျလုပ်ဖို့လိုတယ်။”

တင်ဒါနဲ့ ပတ်သက်လို့ ခုနက ၀န်ကြီးပြောသလိုပဲ အစိုးရပိုင် ကုမ္ပဏီတွေကို လေလံပစ်တာတွေ ရှိတယ်။ စက်မှုဇုန်တွေ လေလံပစ်တာတွေ ရှိတယ်။ အဲဒီမှာလည်း ဝေဖန်မှု တချို့က ဒီလေလံဆွဲတဲ့ကိစ္စတွေမှာ ပွင့်လင်းမှု မရှိဘူး။ တချို့ကလည်း နီးစပ်တဲ့သူတွေကို ပေးတာ ရှိတယ်လို့ ပြောတယ်ဗျ။ အဲဒါနဲ့ ပတ်သက်လို့ရော ၀န်ကြီး ဘာပြောချင်လဲဗျ။

“ဒါတွေက လုပ်ငန်းအပေါ်မှာ မူတည်သွားတာပါ။ တချို့ဟာတွေလည်း သတင်းစာထဲမှာ ထည့်ကြော်ငြာတယ်။ တချို့ကလည်း ၀န်ကြီးဌာနတွေရဲ့ ၀က်ဘ်ဆိုက်တွေမှာ ထည့်တယ်။ ၀န်ကြီးဌာနတွေရဲ့ တင်ဒါပို့စ်မှာ ထည့်တယ်။ ဒါပေမယ့် လာပြီး apply လုပ်တဲ့အပေါ်မှာ ၀န်ကြီးဌာနမှာ ရှိတဲ့ အဖွဲ့အစည်း ဒုတိယ၀န်ကြီး အဆင့်ရှိတဲ့သူတွေပေါ့ သူတို့က ရွေးချယ်ပြီးတော့မှ လုပ်ရပါတယ်။ မလုပ်ခင် သမ္မတရုံးကို တင်တယ်။ ခွင့်ပြုရင် ကျနော်တို့ ရွေးချယ်တယ်။ နောက်ဆုံး ၀န်ကြီးဌာန အီးစီမှာ ဆုံးဖြတ်ပြီးမှ cabinet ကို ပြန်တင်တယ်။ အဆင့်လိုက်သွားတာပါ။ ပွင့်လင်းမြင်သာမှုကတော့ တဖြည်းဖြည်းချင်း ကူးပြောင်းသွားရမှာ။ အခုလည်း ကူးပြောင်းနေပါတယ်။ သတင်းစာက မေးလည်း ကျနော်တို့ ဖြေကြတယ်။ မီဒီယာတွေ မေးလည်း ဖြေကြတယ်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်နဲ့ အခုကတော့ တော်တော် ပြောင်းလဲသွားပြီလေ။ အခုတောင် ကိုအေးချမ်းနိုင်တို့ ဒီကိုရောက်ပြီး ကျနော်တို့ကို မေးမြန်းနေရပြီလေ။ ဒါပေမယ့် ပို၍ပို၍ ကောင်းမွန်တဲ့ မနေ့ကထက် ပိုကောင်းတဲ့ ထင်သာမြင်သာရှိမှုကို ကူးပြောင်းသွားရမှာပေါ့။ တခါတည်းတော့ တချို့အပိုင်းက လိုပါလိမ့်မယ်။ ကျနော်ဝန်ခံပါတယ်။”

ဝန်ကြီးတို့လို အထက်ပိုင်းမှာ ပြောင်းပြီး အောက်ခြေက ပြောင်းဖို့ နောက်ကျနေတာရော မဖြစ်နိုင်ဘူးလား။

“ဒါလည်းမှားတယ်လို့ မဆိုပါဘူး။ ကိုအေးချမ်းနိုင်ပြောတာ မှန်ပါတယ်။ သို့သော်လည်း တလွှာပြီး တလွှာ သွားရပါမယ်။ ဒါတွေက နှစ်ပေါင်း ၆၀ ခန့် ဖြစ်နေပါပြီ။ စနစ်တခုမှာ နေခဲ့ရတယ်။ နောက် တခြား စနစ်တခုကို ပြောင်းတော့ စစ်တပ်အုပ်ချုပ်တဲ့ စနစ်ကနေ ဒီမိုကရက်တစ် အစိုးရ စနစ်ကို ပြောင်းတယ်။ အရင်က ပြည်တွင်းစစ် တိုက်နေရာကနေ ငြိမ်းချမ်းရေးကိုပြောင်းတယ်။ ကျနော်အမြင်တော့ တော်တော်ပြောင်းထားတယ်။ ဒါပေမယ့် ဒီထက် ကြိုးစားရမယ်။ ဒါနဲ့ ကျေနပ်လို့ မရသေးပါဘူး။ ဆိုတော့ သူတို့လည်း အဆင့်လိုက် သူတို့ရဲ့ အကျင့်တွေပေါ့။ သာမန်အားဖြင့် ပြောရရင်တော့ အာဏာရှိတဲ့အာဏာပိုင် အဖွဲ့အစည်း၊ လုပ်ပိုင်ခွင့်ရှိတဲ့ အဖွဲ့အစည်းလို့ သုံးနှုန်းကြတယ်။ အခု ကျနော်တို့က တာဝန်ရှိတဲ့အဖွဲ့အစည်းလို့ပဲ သုံးချင်ပါတယ်။ အခု လုပ်ပိုင်ခွင့်ရှိတဲ့ဆိုတဲ့ အလေ့အကျင့်ကနေ လူထု အကျိုးဆောင်တဲ့ အလေ့အကျင့်ကို ပြောင်းရမယ်။ ဆိုတော့ မြန်တဲ့သူလည်း ရှိမယ်။ ကြာတဲ့သူလည်း ရှိမယ်။ လုံးဝ မပြောင်းချင်တဲ့သူလည်း ရှိမှာပဲ။ ဒါပေမယ့် ကျနော်တို့ ကြိုးစားနေပါတယ်။ အချိန်လေးတော့ ယူရမယ်လို့ ကျနော်ဆိုလိုချင်ပါတယ်။

သို့သော်လည်းပဲ အချိန်အများကြီး မယူလိုပါဘူး။ ကျနော် မီဒီယာတွေကို ပြောပါတယ်။ ဒီမိုကရေစီအစိုးရရဲ့ ပထမဆုံး အစိုးရက အလွန်ခက်ပါတယ်။ ဒီအစိုးရက လုပ်ရင်းကိုင်ရင်းနဲ့ပဲ အချိန်ကုန်သွားပါလိမ့်မယ်။ အမှတ်ရစရာ တခုမှာ မရှိပါဘူးလို့ တခြား မီဒီယာတွေကို ပြောခဲ့ပါတယ်။ ဒုတိယတန်း ကျရင်တော့ အသင့်အတင့် ကောင်းမွန်လာတဲ့ ဒီမိုကရေစီ အစိုးရ ဖြစ်လာပါလိမ့်မယ်။ တတိယတန်းကျရင်တော့ တော်တော်ကောင်းတဲ့ ဒီမိုကရေစီအစိုးရ ဖြစ်လာလိမ့်မယ်လို့ မီဒီယာတွေနဲ့ တွေ့ရင် ကျနော်ပြောပါတယ်။ ကျနော်က ဒီလိုပဲ မြင်ပါတယ်။ မြန်မြန်ကြီးပြောင်း ရင် ခေါင်းတွဲကသွားပြီး ခါးတွဲကြီးပြတ်ကျကျန်ခဲ့လို့ မဖြစ်ပါဘူး။ အားလုံး လိုက်ပါနိုင်တဲ့ အနေအထားပေါ့။ ကျနော်တို့မှာ လိုအပ်တဲ့ အချက်တွေကို ကိုအေးချမ်းနိုင်လည်း သိပါလိမ့်မယ် အများကြီးပါ။ အများကြီးဆိုပြီး စိတ်ပျက် အားငယ်ဖို့ မဟုတ်ပါဘူး။ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်လာပြီ။ ဒါကို ၀ိုင်းပြီး ကိုယ်စီဝိုင်းတွန်းမှ ရွေ့သွားမယ်လို့ ကျနော်ထင်တယ်။ အတင်းအဓမ္မ လုပ်လို့ မရသေးဘူး။ အဓမ္မ လုပ်မယ်ဆိုရင် ပြောင်းပြန် ပြန်ဖြစ် သွားရင် ဘယ်လို လုပ်မလဲ။ ဒါကြောင့်မို့ လှလှပပ ညင်ညင်သာသာနဲ့ ရွှေ့ပြောင်းရမယ့် အလုပ် ဖြစ်ပါတယ်။ ဥပမာဆိုရင် တချို့စက်ရုံက ရှုံးလို့ စက်ရုံကြီးပိတ်လိုက်ရတဲ့ နည်းလမ်းကို ပြောရင် လူသုံးလေးထောင်လောက် အထည်ချုပ် လုပ်ငန်းလုပ်နေတဲ့သူတွေ ဒုက္ခရောက်ကုန်မှာပေါ့။ ရှုံးတာကို အရှုံးနည်းအောင်၊ အရှုံးနည်းတာကို သရေဖြစ်အောင်၊ ထွက်တဲ့သူလည်း အငြိမ်းစားသွားလို့ရအောင်၊ သူများနဲ့ ဖက်စပ်လုပ်ရင်လည်း သူတို့တွေ ဘ၀မပျက်ဘဲ ဖက်စပ်အသွင်ကို ထည့်သွင်းလို့ရအောင် ညင်သာစွာ သွားမှ အဆင်ပြေမယ်လို့ ကျနော်ထင်တယ်။”

အဲဒီကိစ္စပဲ။ ပြီးခဲ့တဲ့ တရက်က အုတ် ချက်တဲ့စက်ရုံမှာ ပုဂ္ဂလိကကို လွှဲလိုက်တဲ့အခါကျတော့ ပုဂ္ဂလိကက အလုပ်သမားတွေ အကုန်လုံးကို ထုတ်ပစ်လိုက် တယ်။ နေတဲ့နေရာကနေပါ မောင်းထုတ်ခံရတဲ့ ကိစ္စတွေပေါ့။ ဒါမျိုးတွေက ခုနက ၀န်ကြီးပြောသလို အလုပ်သမားတွေအတွက် တခုခု ချမှတ်ဖို့ လိုမယ်ထင်တယ်။

“အဲဒါက မှားပြောတာဗျ။ အုတ်လုပ်တဲ့ လုပ်ငန်းက မြေကြီးကနေ တူးပြီး လုပ်တဲ့ လုပ်ငန်းက ယနေ့ခေတ်မှာ သဘာဝပတ်ဝန်းကျင် မြေကြီးနဲ့ လုပ်တဲ့ အလုပ်က မဖြစ်နိုင်တော့ဘူး။ အဲဒီနားကလည်း မြို့ထဲရောက်သွားတော့ နောက် ၁ နှစ်ဆိုရင် ဒီစက်ရုံက လုံးဝ ပိတ်သွားရမှာ။ ဂက်စ်ဖိုးကလည်း ဈေးကြီးလာတယ်။ အုတ်အစားထိုးကျတော့ ဘိလပ်မြေနဲ့ သဲနဲ့ လုပ်တဲ့ ကွန်ကရစ်အတုံးတွေ ပေါ်လာတယ်။ အဲဒီတော့ မြေကြီး မကုန်တော့ဘူးပေါ့။ သဲကလည်း မြန်မာပြည်မှာ အများကြီး ရှိတယ်လေ။ အဲဒီစနစ်ကို ပြောင်းမယ်လို့ ပြောတာ။ လူတွေ အားလုံးလည်း အဲဒီမှာပဲ အလုပ်ရမှာပါ။ သူတို့က အရင်တုန်းက ကျူးကျော်တဲ့သဘောနဲ့ ပေါက်တူးပေါက်ပြီး မြေလုပ်ငန်းကို ၀င်လုပ်နေတာပေါ့။ ဒီလူတွေအားလုံး ဘိလပ်မြေနဲ့ သဲနဲ့ လုပ်တဲ့ စက်ရုံမှာ အလုပ်ပြန်ရမှာပါ။ ဒါတွေကို အမြင်လွဲပြီးပြောတာ။ ဒါတွေအားလုံးကို မီဒီယာတွေနဲ့ သွားရှင်းပြီးပါပြီ။”

နောက်ဆုံးတခုကတော့ အနောက်နိုင်ငံတွေကလည်း စီးပွားရေး ပိတ်ဆို့တာတွေကိုလည်း ရပ်လိုက်ပြီးပြီ။ မြန်မာပြည်ထဲကိုလည်း တော်တော်များများ ပြောင်းလာနေပြီ။ နိုင်ငံတကာ ကုမ္ပဏီတွေရော ပြည်တွင်းမှာ ရှိတဲ့ ကုမ္ပဏီတွေရော စီးပွားရေးဘက်ကိုသွားကြဖို့၊ လွှတ်တော်ကလည်း ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ချမှတ်ပြီးပြီ။ အဲဒီအချိန်မှာ ၀န်ကြီး အနေနဲ့ ဘာအကြံပြုချင်ပါသလဲ။

“ကျနော်တို့က ရှေ့ကို တိုင်းပြည်တိုးတက်သွားဖို့က နည်းပညာတို့၊ ရင်းနှီးမြှုပ်နှံမှုတို့၊ Capital ပေါ့။ စီမံခန့်ခွဲတဲ့ management system ကောင်းတဲ့ဟာတွေ သူများတွေဆီက ရယူရပါမယ်။ ဒါမှ ပိုတိုးတက်မှာပါ။ အဲဒါကြောင့် ပေါင်းစပ်ရမယ်။ ပေါင်းစည်းပြီး သူတို့ကို အသုံးချပြီး ကိုယ်ကကြီးပွားလာရမယ်။ ပြီးတော့ သူတို့က ပြန်သွားမယ်။ အဲဒီစနစ်ကလေးတခုဖြစ်အောင် ကျနော်တို့က ကြိုးစားရမယ်။ နောက်တခုက ၂၀၁၅ မှာ အာဆီယံတခုလုံး တပေါင်းစည်းတည်း ဖြစ်သွားရင် fill flow and market တို့၊ fill flow and labour တို့၊ fill flow and investment တို့ကျတော့ သူတို့နဲ့ ပေါင်းစပ် ဖြစ်အောင် လုပ်ရမယ်။ အဲဒီချိန်ကျရင် နည်းပညာညံ့ရင် ကျနော်တို့ ပစ္စည်း ဘယ်သူမှ သုံးမှာ မဟုတ်ဘူး။ ကျနော်တို့ရဲ့ ထုတ်ကုန်တွေက အရည်အသွေး မရှိရင် သုံးမှာ မဟုတ်ဘူး။ အဲဒီတော့ သူတို့နဲ့ပေါင်းစပ်လိုက်ရင် နည်းပညာရယ်၊ ငွေကြေး အရင်းနှီးရယ်၊ စီမံခန့်ခွဲမှုရယ် ပေါင်းစပ်လိုက်ရင် ကျနော်တို့ လူမျိုးတွေက ချက်ချင်း တက်လာမှာ။ ကျနော်တို့ လူမျိုးတွေက တော်တယ်။ ကျနော်တို့ လုပ်ငန်းရှင်တွေကလည်း တော်တယ်။ အဲဒီတော့ သူတို့နဲ့ ပေါင်းစပ်လိုက်ရင် အရမ်းတော်သွားလိမ့်မယ်လို့ ကျနော်ထင်တယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013