ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရသည့်ကိစ္စ အမှုဖွင့် စုံစမ်းနေ
DVB
·
January 2, 2019

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုလိုက်ပါလာတဲ့ ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး မြောက်ဦးမြို့နယ်၊ မြောင်းဘွေနယ်မြေရဲစခန်းက ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ အက်ဥပဒေပုဒ်မ ၃နဲ့ အမှုဖွင့် စုံစမ်းနေတယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၁ ရက် ညနေ ၄ နာရီခွဲလောက်က မြောက်ဦးမြို့နယ်၊ ရန်ကုန်- စစ်တွေကားလမ်း နန်းကျားရွာနဲ့ လောင်းကြက်ရွာအကြား သံကူကွန်ကရစ် တံတားအမှတ်(၁/၁၀၆) ချဉ်းကပ်လမ်းမှာ လက်လုပ်မိုင်း ၂ လုံး၊ တံတားယာဘက်မှ လက်လုပ်မိုင်း ၁ လုံး၊ စုစုပေါင်း ၃ လုံး ပေါက်ကွဲခဲ့တာပါ။
မိုင်းပေါက်ကွဲမှုကြောင့် ၀န်ကြီးချုပ် ဦးညီပုပါအ၀င် ယာဉ်တန်းမှာ လိုက်ပါလာသူတွေကတော့ ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး။
နယ်မြေဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်အပြီးမင်းပြားမြို့မှ စစ်တွေမြို့သို့ မောင်းနှင်လာတဲ့ ဝန်ကြီးချုပ်ယာဉ်တန်းရဲ့ တတိယ မြောက်ကားဖြစ်တဲ့ မြောက်ဦးခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မင်းဦး လိုက်ပါလာတဲ့ Kluger ယာဉ်ကတော့ မိုင်းကြောင့် နောက်တံခါးမှန်ကွဲသွားခဲ့ပါတယ်။
ဒါ့အပြင်ကားလမ်း ယာဘက် တံတားလက်ရမ်းနဲ့ မြေကာတိုင် ၃ တိုင်တို့ အနည်းငယ်မိုင်းစ ထိမှန်ပျက်စီးသွားခဲ့ပါတယ်။
သက်ဆိုင်ရာက စိစစ်ရာမှာ တံတားအနီး မြေကျင်း ၃ ကျင်းနဲ့ မိုင်းမှာ အသုံးပြုတဲ့ ဘောစေ့၊ သံတို သံစတွေအပြင် ပလတ်စတစ် အနက်ရောင်တိပ်ကပ်ထားတဲ့ မသင်္ကာဖွယ်အရာ ဝတ္ထု ၁ ခုတွေ့ရှိခဲ့ပါတယ်။
ဒီပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ခမရ ၅၄၀က ဗိုလ်မှူး ဝင်းသူအောင်နဲ့ မြောင်းဘွေ နယ်မြေရဲစခန်း ရဲအုပ် စောဦးထွန်း ဦးစီးတဲ့ ပူးပေါင်းအဖွဲ့က စုံစမ်းစစ်ဆေးနေပါတယ်။
ဓာတ်ပုံ-MOH