ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ သဘာဝအတိုင်း နေထိုင်ရေးဝါဒီ (naturist) တွေရဲ့ ယဉ်ကျေးမှုကို အားပေးဖို့ လူရာနဲ့ချီ ပါဝင်တဲ့ ကိုယ်လုံးတီး စက်ဘီးစီးပွဲကို ဩဂုတ် ၉ ရက်မှာ ကျင်းပခဲ့ပါတယ်။
World Naked Bike Ride လို့ခေါ်တဲ့ ဒီပွဲမှာ ပါဝင်သူတွေဟာ ဘာလင်မြို့တလျှောက် ၃၃ ကီလိုမီတာ အကွာအဝေးကို စက်ဘီးစီးနင်းခဲ့ကြတာပါ။
ပွဲစီစဉ်သူတယောက်ဖြစ်တဲ့ ရာလ်ဖ်စပရင်ဂါက “ကျနော်က အဝတ်မဝတ်ဘဲ နေရတာကို သဘောကျတယ်။ ဒါဟာ ရှက်စရာတခုလို့ မမြင်ဘူး” လို့ ရိုက်တာကို ပြောပါတယ်။
ကိုယ်ခန္ဓာနဲ့ပတ်သက်ပြီး ရှက်ကြောက်စရာမလိုဘူးဆိုတဲ့ အမြင်ကို လူတွေ ပိုလက်ခံလာစေချင်တာကလည်း ဒီပွဲရဲ့ ရည်ရွယ်ချက်တခုလို့ စပရင်ဂါက ဆိုပါတယ်။
လွတ်လပ်ပွင့်လင်းတဲ့ ယဉ်ကျေးမှုနဲ့ ပွဲတော်တွေကြောင့် နာမည်ကြီးတဲ့ ဘာလင်မြို့မှာတော့ ဒီစက်ဘီးစီးပွဲဟာ လမ်းဘေးကြည့်ရှုသူတွေအတွက် အထူးအဆန်း ဖြစ်မနေခဲ့ပါဘူး။
ဒီလှုပ်ရှားမှုဟာ သဘာဝနဲ့ နီးစပ်စွာ နေထိုင်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ မတူကွဲပြားမှုကို လက်ခံရေးတို့ကို အားပေးတာဖြစ်တယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။
ပါဝင်သူ အာရွန်ကလည်း “ကျနော်တို့အားလုံး ထိခိုက်လွယ်သူတွေပါ” ဆိုတဲ့ စာတန်းကို ကိုင်ဆောင်ပြီး ပွဲမှာ ပါဝင်ခဲ့ပါတယ်။
“ကျနော်က စားသုံးသူဝါဒနဲ့ စစ်ပွဲကို ဆန့်ကျင်ပါတယ်။ လူတွေဟာ ကားတွေ၊ အဝတ်အစားတွေနဲ့ ပတ်သက်ရင် လိုတာထက် ပိုလုပ်နေကြတယ်လို့ ထင်တယ်” လို့ အာရွန်က ပြောပါတယ်။
ဒီစက်ဘီးစီးပွဲဟာ လိင်ပိုင်းဆိုင်ရာ ပြသမှုမဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် လက်ခံနိုင်ရေးကို အားပေးတဲ့ပွဲ ဖြစ်တယ်လို့ စီစဉ်သူတွေက အလေးပေးထားပါတယ်။
ဒီသဘောထားကို လက်ခံသူတိုင်း ပါဝင်နိုင်ပေမဲ့ ကာမရာဂနှိုးဆွတဲ့ အသုံးအဆောင်တွေ ဝတ်ဆင်တာကိုတော့ ခွင့်မပြုထားဘူးလို့ သိရပါတယ်။











