DVB Logo
Home
မြန်မာသတင်း
မြေလွတ်မြေလပ်မြေရိုင်းဥပဒေကြောင့် ရိုးရာဓလေ့ပျောက်ကွယ်ပြီး သခင်ကနေ ကျွန်ဖြစ်နိုင်
DVB
·
January 1, 2019
မြေလွတ်မြေလပ်မြေရိုင်းဥပဒေကြောင့် ရိုးရာဓလေ့ပျောက်ကွယ်ပြီး သခင်ကနေ ကျွန်ဖြစ်နိုင်
Donate to DVB

ပြင်ဆင်ထားတဲ့ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများစီမံခန့်ခွဲမှုဥပဒေမှာ မြေယာလုပ်ကိုင်မယ့် သူတွေကို လုပ်ပိုင်ခွင့်နဲ့ မဟုတ်ဘဲ ခွင့်ပြုမိန့်နဲ့ပေးထားတာကြောင့် ရိုးရာဓလေ့မြေတွေပျောက် ကွယ်နိုင်ပြီး မှတ်ပုံမတင်တဲ့သူတွေဟာ ထောင်ကျနိုင်တယ်လို့  ဒို့မြေကွန်ရက်က ပြောပါတယ်။

ဒို့မြေကွန်ရက်ရဲ့ အထွေထွေအတွင်းရေးမှူး ဦးစည်သူက “ကိုယ်ပိုင်တဲ့မြေကို ရော့ မင်းတို့ ယူလိုက်ဆိုပြီးတော့ပေးပြီးတော့ သူ့ဘက်ကသနားလို့ ပြန်ငှားလို့လုပ်ရတဲ့ဘဝကို ရောက်သွားတာ။ သခင်ကနေ ကျွန်ဖြစ်သွားတဲ့ဟာ၊ လက်ရှိကနေ လက်မဲ့ဖြစ်သွားတဲ့ဟာ၊ မြေပိုင်ဘဝကနေ မြေမဲ့ဘဝရောက်သွားတဲ့ဟာ၊ ပြီးရင် နှစ်အကန့်အသတ်နဲ့ နှစ်သုံးဆယ်ပဲ ဖြစ်တယ်။ ဒါကြောင့် မှတ်ပုံတင်လိုက်ရင် ပိုင်တယ်လို့ ထင်နေတဲ့ဟာ လုံးဝမှားတဲ့ကိစ္စဖြစ်ပါတယ်။ မှတ်ပုံတင်လိုက်ရင် ရိုးရာဓလေ့မြေတွေပျောက်သွားပြီး ကျွန်ဖြစ်သွားမှာ ဖြစ်ပါတယ်။ ကျနော်တို့ ပြောပြောနေတဲ့ ဖက်ဒရယ်နဲ့ အရမ်းကိုဝေးသွားမှာဖြစ်ပါတယ်။ ဒါကြောင့် မှတ်ပုံတင်တာဟာ ပြဿနာ အရမ်းကြီးတယ်လို့ ပြောရ ခြင်းဖြစ်ပါတယ်” လို့ ရှင်းပြပါတယ်။

အမျိုးသားလွှတ်တော်၊ တောင်သူလယ်သမားရေးရာကော်မတီရဲ့ ဥက္ကဋ္ဌ ဦးဘမျိုးသိန်းကတော့ ၆ လ အတွင်း မှတ်ပုံတင် လျှောက်မယ်ဆိုရင်  ဥပဒေနဲ့ညီသွားမှာ ဖြစ်သလို ကိုယ်တိုင်စိုက်ပျိုးနေတဲ့ မြေယာတွေလည်း တရားဝင်သွားမယ်၊ အဲဒီလို တရားဝင်အသိမှတ်မြေဖြစ်အောင် ပြန်ပြီးတော့ လျှောက်ခိုင်းရတာဖြစ်တယ်လို့ ပြောပါတယ်။

မူရင်းဥပဒေထဲမှာ ၆ လဆိုတဲ့အချိန်ကို ထည့်သွင်းသတ်မှတ်ပြဋ္ဌာန်းထားတာဟာ နောင်မှာ ပြဿနာရှိနိုင်တယ်လို့ ကယားပြည်နယ်၊ ဥပဒေပညာရပ်ဆိုင်ရာအသင်းရဲ့ ဥက္ကဋ္ဌ အထက်တန်း ရှေ့နေ ဦးကျော်ဝဏ္ဏအောင် ကသုံးသပ်ပြောပါတယ်။

“၆ လဆိုတဲ့သတ်မှတ်ချက်ကို ပြင်လွယ်၊ ဖြည့်လွယ်လို့ရအောင် နည်းဥအရဖြစ်ဖြစ်၊ ဒါမှမဟုတ် အစိုးရရဲ့ အမိန့်ညွှန်ကြားလွှာ ဖြစ်ဖြစ် သီးသန့်အနေနဲ့ သတ်မှတ်သင့်တာပေါ့၊ အခုတော့ဥပဒေထဲမှာလာပြီး အတည်သတ်မှတ်လိုက်တော့ အခုအချိန်မှာ ၆ လ မဟုတ်တော့ဘူး၊ တစ်နှစ်သက်တမ်းတိုးပေးချင်တယ်ဆိုရင် လုပ်စရာက ဥပဒေကိုသွားပြီးတော့ ပြင်ရတော့မယ်။ မပြင်ရင် မရတော့ဘူး။ ဥပဒေဆိုတဲ့ အရာမျိုးကလည်း ဥပဒေထဲမှာ ၆ လလို့ထည့် ထားပေမယ့် ငါတို့ဒီလိုနည်းနဲ့ လုပ်လို့ရပါတယ်လို့ လုပ်လို့မရဘူး။ ဥပဒေဆိုတာ လိုက်နာရတော့မှာလေ၊ အဲဒါဟာ ပြဿနာတက်မယ်” လို့ ပြောပါတယ်။

ပြင်ဆင်ထားတဲ့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲမှုဥပဒေကို ၂၀၁၈ စက်တင်ဘာ ၁၂ရက်က အတည်ပြုပြဋ္ဌာန်းခဲ့ပါတယ်။ ဒါ့အပြင် မြေလွတ်မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲမှု ဗဟိုကော်မတီကလည်း သူတို့ဆီက ခွင့်ပြုချက်မယူ၊ မှတ်ပုံမတင်ဘဲ အဲဒီမြေတွေကို အသုံးပြုတဲ့သူတွေကို ၂ နှစ်ထက်မပိုတဲ့ထောင်ဒဏ်နဲ့ ငွေဒဏ် ၅ သိန်းကို ပေးဆောင်ရမယ်လို့ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃၀ ရက်က ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် အဲဒီ မြေလွတ်မြေလပ်၊ မြေရိုင်းဥပဒေကို ဖျက်သိမ်းပေးဖို့ အရပ်ဖက် အဖွဲ့အစည်း ပေါင်း ၃၀၀ ကျော်နဲ့ ကရင်အမျိုးသားအစည်းအရုံး၊ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကလည်း ကြေညာချက်တွေ ထုတ်ပြီး တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013