DVB Logo
Home
မြန်မာသတင်း
မြန်မာကလေးငယ်သေဆုံးမှုဖြင့် ထိုင်းအမျိုးသား ၁ ဦးကို ဖမ်းဆီး၊ မိဘနှစ်ပါး ပြည်နှင်ဒဏ်ခံရ
DVB
·
December 31, 2018
မြန်မာကလေးငယ်သေဆုံးမှုဖြင့် ထိုင်းအမျိုးသား ၁ ဦးကို ဖမ်းဆီး၊ မိဘနှစ်ပါး ပြည်နှင်ဒဏ်ခံရ
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း၊ ဆုဖန်းပူရီခရိုင်၊ အူထောင်းန်မြို့နယ်က ကြံခင်းထဲမှာ ၂နှစ်သားအရွယ်  မြန်မာကလေးငယ် သေဆုံးမှုနဲ့ ပတ်သက်ပြီး သံသယရှိတဲ့ ထိုင်းနိုင်ငံသား တဦးကို ရဲက ဖမ်းဆီး အရေးယူလိုက်ပါတယ်။

ဒီအမှုမှာ သံသယအရှိဆုံးသူအဖြစ် နိုင်းဖွန် ခေါ် နိုင်းထောင်းန်ခွမ် (အသက် ၃၂ နှစ်)ကို မိဘအုပ်ထိန်းသူထံခွင်ြ့ပုချက်မရဘဲ တပါးသူရဲ့ရင်သွေးကို  ခေါ်ဆောင်သွားမှု၊ လူသေဆုံးစေမှုစွဲချက်တွေနဲ့ အရေးယူထားလိုက်တာလို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

အခင်းမဖြစ်မီက သူဟာ ကလေးငယ်ကို  လက်ဆွဲခေါ်ပြီး အတူလျှောက်လှမ်းစဉ် သားငယ်က ပြေးရင်းလွှားရင်း ကြံခင်းထဲက ရေထဲပြုတ်ကျသွားကာ နိုင်းဖွန်က ရေထဲ ဆင်းပြီး မကယ်ရဲတဲ့အတွက် ကလေးက ရေနစ်သေဆုံးသွားခဲ့ရတာလို့ ရဲစခန်းက စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

နိုင်းဖွန်ဟာ ဉာဏ်ရည်မမီသူတဦးဖြစ်တဲ့အတွက် လောလောဆယ် စိတ်ပိုင်းဆိုင်ရာ အထူးကုဆေးရုံကို ပို့ဆောင်ထားပါတယ်။

နိုင်းဖွန်ကို အရေးယူမယ့်ကိစ္စနဲ့ ပတ်သက်ပြီး အူထောင်းန်မြို့ခံတွေကတော့ သူဟာ ဉာဏ်ရည်မမီသူတဦးဖြစ်ပေမယ့် ဘယ်သူ့ကိုမှ အကြမ်းဖက်တဲ့ရာဇ၀င် မရှိခဲ့ဖူးကြောင်း၊ အလှူအတန်းပွဲတွေမှာ သူနိုင်သလောက် ကူညီလေ့ရှိကြောင်း၊ ဒါကြောင့် သူ့ကိုအရေးမယူဖို့ ဒီဇင်ဘာ ၂၉ ရက်က နယ်မြေရဲစခန်းရှေ့မှာ လူအင်အား ၂၀၀ကျော် သွားရောက်ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

ဆုဖန်းပူရီခရိုင်၊ အူထောင်းန်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့အပတ်က ၂ နှစ် အရွယ် မြန်မာကလေးငယ်တဦးပျောက်ဆုံးခဲ့ပြီး ၉ ရက်ကြာမှ အလောင်းကို ပြန်တွေ့ရှိခဲ့တာပါ။

သေဆုံးသူ သားငယ်ခေါ် မောင်စိုးလွင်ဖြိုးရဲ့ မိဘနှစ်ပါးဖြစ်တဲ့ ဦးဖြူနဲ့ ဒေါ်မမော်တို့ဟာ ထိုင်းနိုင်ငံထဲ တရားမ၀င် ၀င်ရောက်လာမှုနဲ့ အရေးယူခံရမှာဖြစ်လို့ ဒီဇင်ဘာ ၃၀ ရက်က ထိုင်းမြန်မာသံရုံးအလုပ်သမားအရာရှိက ဆာယိုင်းဆုမ်နယ်မြေရဲစခန်းကို လာရောက် အပ်နှံခဲ့ပါတယ်။

သူတို့ နှစ်ဦးကို ဆုဖန်းပူရီခရိုင်လ၀ကရုံးကို ဆက်လက်ပို့ဆောင်ကာ ဘုရားသုံးဆူ ဘက်ကနေ မြန်မာနိုင်ငံ ပြန်ပို့ခံရမယ်လို့ ဆုဖန်းပူရီခရိုင်ရဲမှူး ခုမ်းဆဒ် ဆုမန်ခကဆစ်က သတင်းထောက်တွေကို ပြောပါတယ်။

မိဘတွေအနေနဲ့ သေဆုံးသူသားအတွက် တရားမျှတမှုရရှိရေး အမှုတွေကို ပြန်လည်ရင်ဆိုင်ဖို့ မြန်မာပြည်ကနေ တရားဝင်အထောက်အထားပြုလုပ်ပြီးမှ ပြန်ဝင်လာရမယ်လို့ ခရိုင်ရဲမှူးကြီးက ဆက်ပြောပါတယ်။

သေဆုံးသူသားငယ်ရဲ့ အလောင်းကိုတော့ မှုခင်းဆရာဝန်ဘက်က ဆက်လက်စစ်ဆေး နေပြီး ကနဦးမှာ ထုနှက်ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေမရှိကြောင်း၊ အမှုပြီးဆုံးသွားရင်တော့ ထိုင်းတရားရေးဝန်ကြီးဌာနက ကျန်ရစ်သူမိဘတွေကို ဂရုဏာကြေး ထိုင်ဘတ် ၁ သိန်း ၁ သောင်း ပေးအပ်သွားမယ်လို့  တရားရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် နိုင်းထ၀ပ်ချိုင်း ထိုင်းခယိုက ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ပြောပါတယ်။

သေဆုံးသူ ကလေးငယ်ဟာ ဒီဇင်ဘာ ၁၇ ရက်နေ့က မိဘတွေ အလုပ်လုပ်နေစဉ် အနီးနားမှာ ဆော့ကစားရင်း ကြံခင်းထဲမှာ ပျောက်ဆုံးသွားခဲ့ပြီး ထိုင်းရဲတပ်ဖွဲ့ နဲ့ ကယ်ဆယ်ရေး အဖွဲ့ဝင် အင်အား ၇၀၀ ကျော်က ရဟတ်ယာဉ်၊ အနံ့ခံခွေးတွေရော ဆင်တွေပါ အသုံးပြုပြီး  ရှာဖွေခဲ့ကြပါတယ်။

ဒီဇင်ဘာ ၂၅ ရက် ညနေ ၄ နာရီခွဲလောက်မှာတော့ ကြံခင်းထဲက ရေကန်စပ်မှာ ပုပ်ပွနေတဲ့ ကလေးငယ်ရဲ့ အလောင်းကို ပြန်တွေ့ခဲ့တာဖြစ်ပါတယ်။  

 

ကိုးကား - ထိုင်းရတ် ၊ ခေါဝ်ဆွတ် ၊ ပီပီတီဗွီ ၊

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013