DVB Logo
Home
မြန်မာသတင်း
သတင်းသမားများအား ဟန့်တားခြိမ်းခြောက်မှု အမြန်ဆုံးဖြေရှင်းပေးရန် တောင်းဆို
DVB
·
December 30, 2018
သတင်းသမားများအား ဟန့်တားခြိမ်းခြောက်မှု အမြန်ဆုံးဖြေရှင်းပေးရန် တောင်းဆို
Donate to DVB

ကျောင်းသားတွေ ဆန္ဒပြပွဲ သတင်းယူနေတဲ့ သတင်းထောက်တွေကို ဟန့်တားခြိမ်းခြောက်ပြီး ပဋိပက္ခဖြစ်စေဖို့ တိုက်တွန်းလှုံ့ဆော်ခဲ့တဲ့ မန္တလေး ရတနာပုံတက္ကသိုလ်က ပါမောက္ခအနေနဲ့ အမြန်ဆုံး ဖြေရှင်းပေးဖို့ မန္တလေးအခြေစိုက် သတင်းသမားတွေက တောင်းဆိုလိုက်ပါတယ်။
မနေ့က ရတနာပုံတက္ကသိုလ်ကျောင်းသားတချို့က ကျောင်းသားတွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး ကျောင်းရှေ့မှာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
ဒီလို ဆန္ဒပြရာမှာ ဓာတ်ပုံတချို့ကိုလည်း မီးရှို့ခဲ့လို့ ဝိုင်းကြည့်နေတဲ့ ကျောင်းတာဝန်ရှိသူတချို့က ဝေဖန်ခဲ့ကြတာကို မှတ်တမ်းဗွီဒီယိုမှာ တွေ့ရပါတယ်။
ဒီဗွီဒီယိုမှာပဲ ဆရာမတယောက်က “သတင်းထောက်တွေကို ရိုက်၊ သတင်းထောက်တွေကို ရိုက်၊ အဲဒီမှာ မြောက်ပင့်ပေးတဲ့ သတင်းထောက်တွေကိုရိုက်၊ အဲဒီ သတင်းထောက်တွေကို ရိုက်” ဆိုပြီး လှုံ့ဆော်တာကိုလည်း တွေ့ရပါတယ်။
ဒီအပေါ်မှာ ပြောဆိုခဲ့တဲ့ အဏုဇီဝဌာနက ပါမောက္ခ ဌာနမှူးအနေနဲ့ရော၊ ကျောင်းတာဝန်ရှိသူတွေကပါ တပတ်အတွင်း တရားဝင် ဖြေရှင်း တောင်းပန်ပေးဖို့ မန္တလေးအခြေစိုက် သတင်းထောက်တွေက ပါမောက္ခချုပ်ဆီကို ဒီနေ့ပဲ စာပေးပို့ ခဲ့ပါတယ်။
အဲဒီနေရာမှာ သတင်းယူနေခဲ့တဲ့ သတင်းထောက် မထိန်ထိန်လင်းက “သတင်းယူနေတာက ကျနော်အပါအဝင် သတင်းထောက် ၄ ယောက်ပဲ ရှိတယ်။ ဆူဆူညံညံ ရုတ်ရုတ်သဲသဲ ဖြစ်နေတဲ့အချိန်မှာ ကျနော်တို့က ကျောင်းသားတွေကို အင်တာဗျူးနေတော့ ရိုက်ရိုက်ဆိုပြီး ပြောသံတော့ ကြားတယ်။ ဘယ်သူ့ကို ပြောနေမှန်းတော့မသိခဲ့ဘူး။ ပြီးတော့မှ ဗွီဒီယိုဖိုင်တက်လာမှပဲ သတင်းထောက်တွေကို ရိုက်ဆိုပြီး ကြားရတာ” လို့ ပြောပါတယ်။
အခုလို လှုံ့ဆော်တာဟာ နောင်အခါမှာ သတင်းအလုပ်အတွက် ခက်ခဲစေလာမှာ ဖြစ်လို့ အခုလို တောင်းဆိုရတာလို့လည်း သူက ပြောပါတယ်။
“အခုလို ပြောလိုက်တာဟာ သတင်းသမားအများစုရဲ့ လုံခြုံရေးကို ထိခိုင်စေတဲ့ ကိစ္စဖြစ်လို့ နောက်နောင် သတင်းယူတဲ့အခါမှာ အဟန့်အတား ဖြစ်စေလာနိုင်တယ်။ နောက်ကြောင်းမလုံဘဲ သတင်းယူရတာမျိုး၊ ကျနော်တို့ရဲ့ လုပ်ငန်းကို ထိခိုက်လာနိုင်ပါတယ်” လို့ ပြောပါတယ်။
သတင်းထောက်တွေအနေနဲ့ ကျင့်ဝတ်နဲ့အညီပဲ ဆန္ဒပြရာနေရာကို သွားရောက်သတင်းယူခဲ့သလို ဆန္ဒဖော်ထုတ်တာ၊ ဆန္ဒပြသူတွေနဲ့ ပတ်သက်တာ မရှိဘူးလို့ သတင်းထောက်တွေရဲ့ စာမှာ ဖော်ပြထားပါတယ်။ ပြီးတော့ အားပေးအားမြှောက်လုပ်တာလည်း လုံးဝ မရှိခဲ့သလို ဒါဟာလည်း သတင်းမီဒီယာကျင့်ဝတ်အရ လုပ်ဆောင်မရဘူးလို့လည်း ဖော်ပြထားပါတယ်။

ဒီအခြေနေနဲ့ ပတ်သက်ပြီး မန္တလေး ရတနာပုတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မောင်မောင်နိုင်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ “ကျနော်က သတင်းကို သေချာမသိဘူး၊ အဲတော့ ကျနော်ဖြစ်စေချင်တာက အမှန်တိုင်းပေါ့၊ ဒီဟာကို ဘယ်သူဖိတ်လဲ၊ ဘယ်သူလာလဲ၊ ဘယ်သူတွေ ဘာပြောလဲ၊ ဘာကြောင့်မို့လို့ ဒီလိုဖြစ်သလဲ၊ ဖြစ်စဉ်က ဘာလဲ။ အကြောင်းအကျိုးကို ကျနော်တို့ စဉ်းစားမှရမယ်လေ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေလကလည်း ရန်ကုန်မှာလုပ်တဲ့ ငြိမ်းချမ်းရေးအတွက် ဆန္ဒပြပွဲမှာ သတင်းထောက်တွေကို အရပ်ဝတ်နဲ့လူတွေက ခြိမ်းခြောက် အကြမ်းဖက် ရန်ပြုခဲ့ကြပြီး ရှိနေတဲ့ ရဲတွေကလည်း အကာအကွယ်မပေးခဲ့ကြပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013