
ရန်ကုန်နဲ့နေပြည်တော်မှာ စစ်အာဏာရှင် ဖွင့်လှစ်မယ့် လူငယ်သင်တန်းကျောင်း ၂ ကျောင်းအတွက် ၉ တန်းနဲ့ ၁၀ တန်းကျောင်းသားတွေကို အဓိကထားခေါ်ယူနေတဲ့အတွက် အသက်မပြည့် သေးတဲ့လူငယ်တွေအတွက် မိဘတွေက စိုးရိမ်ပူပန်နေကြပါတယ်။
မေ ၁ ရက် စစ်အာဏာရှင်ရဲ့ဝါဒဖြန့်သတင်းစာကနေ အသက် ၁၅ နှစ်ကနေ ၁၉ နှစ်အတွင်းရှိ လူငယ်တွေကို ရန်ကုန် နဲ့ နေပြည်တော် လူငယ်သင်တန်းကျောင်း ၂ ကျောင်းအတွက် ခေါ်ယူခဲ့တာလို့ မိဘတယောက်က DVB ကို ပြောပါတယ်။
“ကျောင်းတွေမှာ ကလေးတွေကို စစ်တပ်က လိုက်စည်းရုံးပြီး စစ်မှုထမ်းခိုင်းမှာကို စိုးရိမ်တာ။ ၉ တန်း၊ ၁၀ တန်း၊ ၁၁ တန်း အတွက် လူငယ်တွေကိုခေါ်တာ။ အိမ်ကပျောက်သွားပြီး အဲ့သင်တန်းကျောင်းရောက်ရင်တောင် စစ်မှုထမ်းခိုင်းတာမဟုတ်ဘူး၊ ကျောင်းတက်နေတာလို့ စစ်တပ်က အကြောင်းပြလို့ ရသွားတယ်။”
မူလရည်ရွယ်ချက်က တိုက်ပွဲမှာ သေဆုံးသွားတဲ့ တပ်မိသားစုဝင်တွေအတွက် ဖြစ်ပေမဲ့ သင်တန်းကျောင်းဖွင့်ဖို့ စီစဥ်ပြီးတဲ့အချိန်မှာ ပြောင်းလဲသွားတယ်လို့ တပ်နဲ့နီးစပ်တဲ့သတင်းအရင်းအ
မြစ်က DVB ကို ပြောပါတယ်။
“တကယ်တမ်း ခက်ခဲလို့ ကျောင်းမတက်နိုင်တဲ့ အငြိမ်းစားတပ်မိသားစုဝင်တွေ အများကြီးပဲ။ အဲ့လူတွေနဲ့တင် အဲ့ဒီသင်တန်းကျောင်း ၂ ကျောင်းပြည့်တယ်။ တပ်ရဲ့ သဘောတရားက ကလေးတွေကို ကျောင်းလည်းတက်၊ စစ်ပညာလည်းသင်၊ ၁၂ တန်းလည်း အောင်ပြီး စစ်တပ်ထဲလည်း ရောက်။” .
Grade 9 အောင်မြင်ပြီးသူများအနေနဲ့ အသက် ၁၅ နှစ်ကနေ ၁၇ နှစ်အတွင်း၊ Grade 10 အောင်မြင်ပြီးသူများ အသက် ၁၆ ကနေ ၁၈ နှစ်အတွင်း၊ Grade 11 အောင်မြင်ပြီးသူများမှာ အ သက် ၁၇ ကနေ ၁၉ နှစ်အတွင်း ဖြစ်ရမယ်လို့ ကြေညာချက်ပါရှိပါတယ်။
သင်တန်းကျောင်း ၂ ကျောင်းကို ရန်ကုန် လှည်းကူးမြိုနယ် ရဲမွန်တပ်နယ်မှာ အမှတ် ၁ လူငယ်သင်တန်းကျောင်းကို ဖွင့်လှစ်သွားမှာဖြစ်ပြီး အမှတ် ၂ သင်တန်းကျောင်းကို နေပြည်တော်မှာ ဇွန်လအတွင်း ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။
ဧပြီ ၉ ရက်က တပ်ချုပ်အသစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးက “လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ အရာရှိ၊ စစ်သည်တွေ အငြိမ်းစားအရာရှိ၊ စစ်သည်နဲ့ ကျဆုံးသွားတဲ့ အရာရှိ၊ စစ်သည်တွေရဲ့ သားသမီးတွေအတွက် ရန်ကုန် နဲ့ နေပြည်တော်မှာ လူငယ်ပညာရေးသင်တန်းကျောင်းကို ဖွင့်လှစ်ပေးမယ်လို့ ပြောဆိုပြီးနောက် သင်တန်းကျောင်းတွေက စီစဥ်လာတာဖြစ်ပါတယ်။










