DVB Logo
Home
မြန်မာသတင်း
စစ်ရပ်ဆိုင်းပေးထားပြီးဖြစ်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်ရန် ကာချုပ်တိုက်တွန်း
DVB
·
December 26, 2018
စစ်ရပ်ဆိုင်းပေးထားပြီးဖြစ်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်ရန် ကာချုပ်တိုက်တွန်း
Donate to DVB

တပ်မတော်အနေနဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ၄ လကြာ ရပ်ဆိုင်းထားပြီးဖြစ်လို့ တိုင်းရင်းသား လက်နက်ကိုင်တွေအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်ကြဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဒီကနေ့ ဒီဇင်ဘာ ၂၆ ရက် မနက်က တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) စစ်ရေးပြကွင်းမှာ ကျင်းပတဲ့ ဘွဲ့ရ အမျိုးသမီးဗိုလ်လောင်း သင်တန်းအမှတ်စဉ် (၅) သင်တန်းဆင်း ဂုဏ်ပြု စစ်ရေးပြအခမ်းအနားကို တက်ရောက်မိန့်ခွန်းပြောရာမှာ ထည့်သွင်းပြောသွားတာပါ။

ကာကွယ်ရေးဦးစီးချုပ်က “အခုအခါမှာ ၂၀၁၉ ဧပြီလ ၃၀ ရက်နေ့အထိ တပ်မတော်က စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများအားလုံး ရပ်ဆိုင်းပေးထားပြီး ဖြစ်တဲ့အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ ဒီမိုကရေစီကို လိုလားလက်ခံပြီး တိုင်းပြည် စည်းလုံးညီညွတ်စွာဖြင့် ဖွံ့ဖြိုးတိုးတက်တာကို လိုလားတယ်ဆိုရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်ကြဖို့ လိုအပ်မှာဖြစ်ပြီး တပ်မတော်အနေနဲ့လည်း လိုအပ်တာတွေ ကူညီဖြေရှင်း ညှိနှိုင်းဆောင်ရွက်ပေးသွားမယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် တိုင်းပြည်တည်ငြိမ် အေးချမ်းမှု မရှိဘဲ အာဆီယံနိုင်ငံတွေထဲမှာတောင် နောက်ကျကျန်နေခဲ့ပြီလို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသွားပါတယ်။

“မိမိတို့နိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားနေပြီး တည်ငြိမ်အေးချမ်းမှု မရှိတဲ့အတွက် ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက်ပြီး အပြည့်အဝ ဆောင်ရွက်နိုင်ခြင်း မရှိသေးဘဲ အာဆီယံ အသိုက်အဝန်းမှာပင် နောက်ကျကျန်လျှက်ရှိတာကို တွေ့မြင်ရမှာဖြစ်တယ်။ ဒါ့ကြောင့် တခြားနိုင်ငံတွေကို အမီလိုက်နိုင်ဖို့အတွက် သူများ ခြေလှမ်းတလှမ်းလှမ်းရင် ကိုယ်က ခြေလှမ်းများစွာ လှမ်းနိုင်မှ တော်ကာကျမှာဖြစ်တယ်။”

ဒါ့အပြင် လက်ရှိ ကမ္ဘာမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ ကျယ်ပြန့်လာတာနဲ့အမျှ နိုင်ငံရေးနဲ့ အစိုးရဝန်ထမ်း ထိပ်ပိုင်းနေရာတွေမှာ တာဝန်ထမ်းဆောင်နေသူတွေနဲ့ ထူးချွန်ထက်မြက်တဲ့ အမျိုးသမီး ပညာရှင်တွေ ရှိနေကြပြီဖြစ်တယ်၊ ကမ္ဘာ့နိုင်ငံတွေရဲ့ တပ်မတော်တွေမှာ အမျိုးသမီးတပ်ဖွဲ့ဝင်တွေရဲ့ အခန်းကဏ္ဍ များစွာတိုးတက်လာပြီး အဆင့်မြင့် တာဝန်တွေ ထမ်းဆောင်လာသလို မြန်မာနိုင်ငံမှာလည်း နိုင်ငံတော်ကာကွယ်ရေး တာဝန်ယူဖို့ အမျိုးသမီး ဗိုလ်လောင်းသင်တန်း အပါအဝင် အခြားစစ်ဘက်သင်တန်းတွေ ဖွင့်လှစ်ပေးနေတယ်လို့လည်း ကာကွယ်ရေးဦးစီးချုပ်က ပြောသွားပါတယ်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (အန်စီအေ) မှာ ပါဝင် လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တဖွဲ့ချင်း ညှိနှိုင်းဆွေးနွေးနိုင်ဖို့အတွက် စစ်တိုင်းဒေသကြီး ၅ ခုမှာ ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၁၉ ဧပြီ ၃၀ ရက် အထိ ၄ လကျော်ကြာ စစ်ဆင်ရေးရပ်ဆိုင်းထားဖို့ ဒီဇင်ဘာ ၂၁ ရက်မှာ တပ်မတော်က ကြေညာထားပါတယ်။

တပ်မတော်ရဲ့ ကြေညာချက်ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေက ကြိုဆိုခဲ့ကြပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရပ်ဆိုင်းဖို့ တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013