
နှစ်အတန်ကြာရပ်နားထားတဲ့ ရန်ကုန်-ပုသိမ် လေကြောင်းခရီးစဉ်ကို ဒီဇင်ဘာ ၂၅ရက် ခရစ္စမတ်နေ့မှာ စင်းလုံးငှား လေယာဉ်နဲ့ စတင်ပျံသန်းပြေးဆွဲနေပါပြီ။
ဒီခရီးစဉ်ကို မြန်မာအမျိုးသားလေကြောင်းလိုင်းနဲ့ အေးရှားဝေါကုမ္ပဏီရဲ့လက်အောက်ခံ ITA ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်တာပါ။
ခရီးစဉ်ကို ခရီးသည် ၇၂ ဦးတင်ဆောင်နိုင်တဲ့ ATR -72-600 နဲ့ပြေးဆွဲနေတာဖြစ်ပြီး နိုင်ငံသားတဦးအတွက် ၅၅၀၀၀ကျပ် နဲ့ နိုင်ငံခြားသားတဦး အမေရိကန်ဒေါ်လာ ၅၅ ဒေါ်လာ၊ ကျသင့်မှာဖြစ်ပါတယ်။
လတ်တလောမှာတော့ တရုတ်ခရီးသွားတွေအတွက် ခရီးသွား Package Tour အနေနဲ့ ချိတ်ဆက်ပြေးဆွဲပေးနေတာကြောင့် ပြည်တွင်းခရီးသည်တွေ စီးနင်းဖို့ မလွယ်သေးပါဘူး။
ဧရာဝတီတိုင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးကတော့ ပြည်သူတွေ စီးနင်းနိုင်အောင်လည်း ဆွေးနွေးသွားမယ်လို့ပြောပါတယ်။
၂၀၁၅ခုနှစ်က ငွေဆောင်နဲ့ ချောင်းသာပင်လယ်ကမ်းခြေကို ဝေဟင်က ကြည့်နိုင်မယ့် လေယာဉ်ခရီးစဉ်တွေ ပျံသန်းခဲ့ပေမယ့် စီးနင်းမယ့် ခရီးသည်နည်းပါးတဲ့အတွက် ရပ်နားခဲ့ရ ပါတယ်။
အခုအခါမှာတော့ ချောင်းသာ၊ငွေဆောင်ကမ်းခြေတွေဆီသွားရောက် လည်ပတ်မယ့် တရုတ်ခရီးသည်တွေကို Tour Package အလိုက် စီစဉ် ပျံသန်းပေးနေတာဖြစ်ပြီး ခရီးသွားတွေ စိတ်ဝင်စားမှုအပေါ်မူတည်ကာ တခြားပြည်တွင်းနဲ့ ပြည်ပခရီးသည်တွေအတွက် ခရီးစဉ်တွေ တိုးချဲ့ သွားဖို့ရှိပါတယ်။











