ရသေ့တောင်မြို့နယ်တွင် ခရစ္စမတ်နေ့ တိုက်ပွဲဖြစ်ပွား

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ရေကောင်းချောင်းနဲ့ ၅ မိုင်အကွာလောက်မှာ ဇင်ဘာ ၂၅ ရက် မနက် ၁၀ နာရီလောက်ကစပြီး တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (အေအေ) တို့ တိုက်ပွဲဖြစ်ပွားနေပါတယ်။
တိုက်ပွဲကြောင့် လက်နက်ကြီးငယ်အသံတွေ အဆက်မပြတ်ကြားနေရတယ်လို့ ရေကောင်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး မောင်ထွန်းလှိုင်က အတည်ပြု ပြောကြားပါတယ်။
“လက်နက်ကြီးအသံတွေ မနက် ၁၀ နာရီ လောက်ကတည်းက ကြားနေရတာပါ။ အခုညနေ ပိုင်းမှာတော့ သိပ်မကြားရတော့ပါဘူး။ ရေကောင်းချောင်း ကျေးရွာနဲ့ ၅ မိုင်လောက်ဝေးပါတယ်။ ပဲသတူကြား လောင်းချောင်းဖျား ပတ်ဝန်းကျင်မှာဖြစ်နေကြတာလို့ ခန့်မှန်းမိပါတယ်။”
ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်ရှိကျေးရွာတွေမှာ လူစိမ်းတွေလာရောက်ပါက သက်ဆိုင်ရာကို အကြောင်းကြားဖို့နဲ့ တည်းခိုလက်ခံတာ မပြုကြဖို့ သက်ဆိုင်ရာက အကြောင်း ကြားထားတယ်လို့လည်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။
“စာထုတ်တာတော့ မဟုတ်ပါဘူး။ ပြောထားပါတယ်။ သူစိမ်းတွေကို ကျေးရွာတွေမှာ လက်ခံမထားဖို့ သူစိမ်းတွေရောက်လာရင်လည်း သက်ဆိုင်ရာကိုအကြောင်းကြားပေးဖို့ ဗျူဟာမှာ ပြုလုပ်တဲ့ အစည်းအဝေးတုန်းက ဗျူဟာမှူးက မှာကြားထားပါတယ်။”
ရေကောင်းချောင်း ကျေးရွာမှာ အိမ်ခြေ ၃၀၀ ကျော်ရှိပြီး တိုက်ပွဲတွေကြောင့် ရွာသူ ရွာသားတွေ စိုးရိမ်မူနေကြပါတယ်။
ဒါ့အပြင် တိုက်ပွဲဖြစ်နေလို့ တောင်တောင်တွေထဲကိုလည်း သွားရောက်ပြီး ဟင်းရှာ၊ ငါးရှာ မသွားရတဲ့အတွက် စားဝတ်နေရေး အခက်အခဲတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်ထဲက မြို့နယ် ၄မြို့နယ်လောက်မှာ ခုဒီဇင်ဘာလဆန်းကလည်းက ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒုက္ခသည် ၂၀၀၀ လောက် ရှိနေပြီဖြစ်တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
သတင်း - ဗညား











