DVB Logo
Home
မြန်မာသတင်း
ဖမ်းဝရမ်းထုတ်ထားသည့်ဖခင်ကို မတွေ့လို့ သမီးဖြစ်သူကို ဖမ်းဆီး
DVB
·
December 25, 2018
ဖမ်းဝရမ်းထုတ်ထားသည့်ဖခင်ကို မတွေ့လို့ သမီးဖြစ်သူကို ဖမ်းဆီး
Donate to DVB

တနင်္သာရီမြို့နယ်ထဲမှာ မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးဖို့ ဖခင်ကို ဝရမ်းထုတ်ခဲ့ပေမယ့် မတွေ့လို့ သမီးဖြစ်သူကို ဖမ်းဆီးအရေးယူထားတယ်လို့ တနင်္သာရီမြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။

တနင်္သာရီမြို့နယ်၊ ချောင်းလမုရွာက အောင်မင်းလွင်ကို ဒီဇင်ဘာ ၂၃ ရက်က ဝရမ်းထုတ် ဖမ်းဆီးဖို့ သွားပေမယ့် ခရီးထွက်သွားတာကြောင့် အသက် ၂၀ အရွယ် သမီးဖြစ်သူကို ဖမ်းဆီးခဲ့တာပါ။

တနင်္သာရီမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ရဲခေါင်မြင့်က “သူ့ရဲ့အဖေကို ဝရမ်းထုတ်ပေးလိုက်တာ၊ နေအိမ်ကို ရှာဖို့အတွက်ပေါ့။ နေအိမ်မှာ ကလေးမလေးကို တွေ့ရတယ်။ သူ့အဖေကတော့ လွန်ခဲ့တဲ့ ၃ ရက် လောက်က ခရီးထွက်သွားတယ်လို့ သိရတယ်။ ကောင်မလေးနဲ့ သူ့အဖေနဲ့က အချိတ်အဆက် ရှိတယ်လေ။ သူထားတဲ့ပစ္စည်းတွေဘယ်မှာရှိလဲဆိုတာကို ပြခိုင်းတယ်။ ပြတော့ နေအိမ်မှာရှိတဲ့၊ လက်ဝယ်ရှိတဲ့သူကို ကျနော်တို့က အရေးယူရတာပေါ့” လို့ ပြောပါတယ်။

ဖမ်းဆီးရေးအဖွဲ့ရဲ့ တင်ပြချက်အရ အိုက်စ်မူးယစ်ဆေးတွေကို နေအိမ်ရဲ့ အောက်မှာ မြှုပ်ထားတာကို တွေ့ခဲ့ရတာလို့ ဆိုပါတယ်။

ဒီလို ဖမ်းဆီးတာနဲ့ပတ်သက်ပြီး ဝေဖန်တာတွေ ရှိနေပေမယ့် လုပ်ထုံးလုပ်နည်း ဖြစ်တယ်လို့လည်း ရဲမှူးက ပြောပါတယ်။

“ဝရမ်းထုတ်တဲ့အိမ်မှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး လက်ဝယ်တွေ့ရှိသူကိုပဲ ကျနော်တို့က အရေးယူရပါတယ်။ အမှုကတော့ စစ်ဆေးဆဲပါ” လို့ ပြောပါတယ်။

ဖမ်းဆီးမိတဲ့ မူးယစ်ဆေးတွေကတော့ အိုက်စ် စိတ်ကြွမူးယစ်ဆေးဝါး ၁၈၀ ဂရမ်လောက် ဖြစ်ပါတယ်။ ထွက်ပြေးလွတ်မြောက်နေတဲ့ ဖခင်ဖြစ်သူကိုလည်း တရားခံပြေးအနေနဲ့ စုံစမ်းပြီး ဖမ်းဆီးဖို့ ကြိုးစားနေတယ်လို့ ရဲမှူး ရဲခေါင်မြင့်က ပြောပါတယ်။

သမီးဖြစ်သူကိုတော့ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဥပဒေ ပုဒ်မ ၁၉(က)နဲ့ တနင်္သာရီမြို့မရဲစခန်းမှာ ဖမ်းဆီး အရေးယူထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ကလည်း စစ်ကိုင်းတိုင်းထဲက အသက် ၁၉ နှစ်အရွယ် မိန်းကလေးဟာ ဆိုင်တဆိုင်မှာ ဝင်ရောက် အလုပ်လုပ်နေတုန်း ရဲတွေက ရှာဖွေရာမှာ ဆိုင်ကနေ စိတ်ကြွဆေးပြား ၁၅ ပြားတွေ့ရှိခဲ့လို့ ထောင် ၁၀ နှစ် ကျခံခဲ့ရပါတယ်။

သူဟာ ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ထောင်တွင်းက ဖြေဆိုပြီး ၃ ဘာသာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တဲ့နောက် မကြာခင်မှာ သမ္မတရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လည် လွတ်မြောက်ခဲ့ပါတယ်။

ဓာတ်ပုံ - မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013