
တိုင်းပြည်ဝင်ငွေကို ထုတ်လုပ်မှုကိုအားမပေးတဲ့ နေရာတွေမှာ ပိုမိုသုံးစွဲနေတဲ့အပေါ် ပြန်လည်ပြင်ဆင်သင့်တယ်လို့ စီးပွားရေးပညာရှင် ဒေါက်တာမြင့်ဆန်းက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ၀န်ကြီးဌာနတွေအနေနဲ့ နှစ်စဉ်ဘတ်ဂျက်တိုးတောင်းနေတာတွေ့ရပေမယ့် ထုတ်လုပ်မှုအားပေးတဲ့ ကဏ္ဍတွေမှာ သုံးစွဲတာအလွန်နည်းတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ လျှပ်စစ်ကဏ္ဍအတွက် တိုင်းပြည်ဝင်ငွေရဲ့ ၂၄ ရာခိုင်နှုန်းကျော်၊ စီမံဘဏ္ဍာက ၂၀ ရာခိုင်နှုန်းကျော်နဲ့ ကာကွယ်ရေးအတွက် ၁၄ ရာခိုင်နှုန်းကျော် အသုံးပြုထားတာကြောင့် တိုင်းပြည်ဝင်ငွေရဲ့ ၆၀ ရာခိုင်နှုန်း ခုလိုအသုံးပြုတာ နိုင်ငံတကာမှာတောင် မရှိဘူးလို့ ဒေါက်တာမြင့်ဆန်းက ပြောပါတယ်။
“လျှပ်စစ်မှာဆိုရင်ပဲ ၂၄ ရာခိုင်နှုန်းကျော်သုံးတယ်။ စီမံဘဏ္ဍာက ဘယ်လောက်သုံးလဲဆိုရင် နှစ်ဆယ်။ စီမံဘဏ္ဍာကသုံးတာ ဘာလဲဆိုရင် နိုင်ငံတော်ရဲ့အသုံးစာရိတ်။ အဲဒါက စုစုပေါင်း အသုံးစာရိတ်ရဲ့ ၂၀ ရာခိုင်နှုန်းကျော်တယ်။ ကာကွယ်ရေးက ဘယ်လောက်လဲဆိုရင် ၁၄ ရာခိုင်နှုန်းကျော်တယ်။ အဲဒီ သုံးခုပေါင်းလိုက်တာနဲ့ နိုင်ငံတော်အသုံးစာရိတ် ၆၀ ရာခိုင်နှုန်းရှိတယ်။ ကျန်တဲ့ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ စက်မှုစွမ်းအားက နည်းနည်းလေးရှိတယ်”လို့ ဒေါက်တာမြင့်ဆန်းက ထောက်ပြပါတယ်။
မြန်မာနိုင်ငံမှာ ကုန်ထုတ်လုပ်မှုကို အားပေးတဲ့ ပညာရေး၊ ကျန်းမာရေး၊ အိမ်ရာနဲ့စီးပွားရေး ကိစ္စတွေမှာ တိုင်းပြည်ဝင်တွေရဲ့ ရာခိုင်နှုန်းအနည်းငယ်ပဲ အသုံးပြုနေတဲ့အပေါ် ပြန်လည်ပြင်ဆင် သင့်တယ်လို့ စီးပွားရေးပညာရှင်တစ်ဦးက ပြောဆိုလိုက်တာပါ။
ဒီဇင်ဘာလ ၂၂ ရက်က စာပေဗိမာန်မှာပြုလုပ်တဲ့ မြန်မာ့စီးပွားရေးပြုပြင်ပြောင်းလဲမှု စကားဝိုင်းမှာ ပြောဆိုခဲ့တာပါ။
မြန်မာနိုင်ငံရဲ့ တိုင်းပြည်ဝင်ငွေဟာ အခွန်ကနေ ၃၉ ရာခိုင်နှုန်းရရှိပြီး နိုင်ငံပိုင် အဖွဲ့အစည်းတွေကနေ ၄၂ရာခိုင်နှုန်းနဲ့ နိုင်ငံတကာချေးငွေ၊ နိုင်ငံတကာထောက်ပံ့မှုကနေ ကျန်တဲ့ဝင်ငွေရရှိတာ ဖြစ်ပါတယ်။











