DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံက ဝယ်ယူလာသည့် ကျပ် ၁၀၀၀၀ တန်အတုများ သုံးစွဲသူ ၂ဦးကို ရန်ကုန်တွင်ဖမ်းမိ
DVB
·
December 25, 2018
ထိုင်းနိုင်ငံက ဝယ်ယူလာသည့် ကျပ် ၁၀၀၀၀ တန်အတုများ သုံးစွဲသူ ၂ဦးကို ရန်ကုန်တွင်ဖမ်းမိ
Donate to DVB

ထိုင်းနိုင်ငံ၊ မဲဆောက်ကနေ ဝယ်ယူလာတဲ့ မြန်မာကျပ်ငွေ တသောင်းတန် ငွေစက္ကူအတုတွေ သုံးစွဲနေသူ နှစ်ယောက်ကို ရန်ကုန်မှာ ဖမ်းမိထားတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၂၄ ရက်ညပိုင်းက တာမွေမြို့နယ်ရဲတပ်ဖွဲ့ဝင်တွေဟာ နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲမှာ အမျိုးသားတယောက်က တသောင်းတန် ငွေစက္ကူအတုတွေနဲ့ ဈေးဝယ်နေတာကို သတင်းရလို့ သွားရောက်ရှာဖွေစုံစမ်းခဲ့ပါတယ်။

ဘုရားပွဲဈေးနဲ့ ကျောက်မြောင်းလမ်း၊ RV စားသောက်ဆိုင်နားမှာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်နေသူ ညွန့်လှိုင်ကိုတွေ့ရပြီး သူ့ရဲ့ ပိုက်ဆံအိတ်ထဲက တသောင်းတန် ငွေစက္ကူအတု ၁၉ ရွက်ကို တွေ့ရှိသိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

စစ်မေးရာမှာ သူဟာ ကျောက်တော်မြို့နယ်က အောင်မင်းစိုးနဲ့အတူ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကို သွားရောက်ပြီး ငွေစက္ကူအတုအရွက် ၈၀၀ ဝယ်ပြီး မြဝတီကနေ ရန်ကုန်ကို သယ်လာခဲ့တယ်လို့ ထွက်ဆိုပါတယ်။

ဒါကြောင့် သူနေထိုင်တဲ့ မြောက်ဥက္ကလာပမြို့နယ် အောင်သိဒ္ဓိလမ်းသွယ် ၆ က အိမ်ကို သွားစစ်ဆေးရာမှာ အိပ်ခန်းထဲက တသောင်းတန်အတု ၃၃၆ ရွက် ထပ်သိမ်းဆည်းရလို့ စုစုပေါင်း ၄၄၅ ရွက် သိမ်းမိခဲ့ပါတယ်။

ဒ့ါအပြင် အောင်မင်းစိုးရဲ့ အိပ်ခန်းကို ဆက်ရှာဖွေရာမှာ သူ့နာမည်နဲ့ ရန်ကုန်-မြဝတီ ကားလက်မှတ် ၁ စောင်၊ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် ၁ စောင်နဲ့ တာ့ခ်ခရိုင်လူဝင်မှု ကြီးကြပ်ရေးရုံးက စာရွက် ၁ စောင်တို့ကို သိမ်းဆည်းမိခဲ့ပါတယ်။

ကနဦးစစ်ဆေးချက်အရ အလုပ်အကိုင်အတည်တကျမရှိလို့ ဝင်ငွေမရှိတာကြောင့် စားဝတ်နေရေး အဆင်ပြေစေဖို့အတွက် မဲဆောက်မြို့ကို သွားရောက် ငွေစက္ကူအတုတွေ ဝယ်လာပြီး မြန်မာနိုင်ငံမှာ သုံးတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ဖော်ပြထားပါတယ်။

ရဲတပ်ဖွဲ့ကတော့ ဒီငွေစက္ကူတွေဟာ ရောင်စုံကာလာပရင်တာနည်းနဲ့ တုပထားတာလို့ ဆိုပါတယ်။

လက်ရှိ သူတို့နှစ်ယောက်လုံးကို ဖမ်းမိထားပြီး တာမွေမြို့မရဲစခန်းမှာ ဥပဒေနဲ့အညီ အမှုဖွင့် အရေးယူထားသလို ကွင်းဆက်တရားခံတွေ ဖမ်းမိရေး ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013