DVB Logo
Home
Lead Story
ဒီမိုကရေစီအစိုးရ အခုချိန်ထိ အလိမ်ခံနေရတုန်းပဲ - ရက္ခိုင့်တပ်မတော်နှင့် မေးမြန်းချက်
DVB
·
December 25, 2018
ဒီမိုကရေစီအစိုးရ အခုချိန်ထိ အလိမ်ခံနေရတုန်းပဲ - ရက္ခိုင့်တပ်မတော်နှင့် မေးမြန်းချက်
Donate to DVB

ရခိုင်ပြည်နယ်ထဲမှာ လတ်တလော တပ်မတော်နဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရဲ့ နောက်ဆုံးအခြေအနေနဲ့ အပစ်အခတ်ရပ်စဲရေး အလားအလာတွေနဲ့ ပတ်သက်ပြီး ရက္ခိုင့်တပ်မတော် (အေအေ) ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး - လေးလကြာ စစ်ရေးလှုပ်ရှားမှုတွေ ရပ်ထားဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရခိုင်ဒေသ)  မပါတဲ့အပေါ် ဘာလို သဘောထားအမြင် ရှိပါသလဲခင်ဗျ။

ဖြေ - ဗမာ့တပ်မတော်ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ပြောင်းလဲလာတဲ့ ဖြစ်ပေါ်တိုးတက်မှု တခုအနေနဲ့ ကျေန်ာတို့ကတော့ ရှုမြင်တယ်။ ဘာလို့လဲဆိုတော့ ဒီလိုမျိုး ဗမာ့တပ်မတော်ဘက်ကနေ ပြည်သူကိုသိအောင် ချပြကြေညာခဲ့တာ အရင်တုန်းက မရှိခဲ့ဘူး။ ဒီလိုမျိုး ကြေညာချက် ထုတ်ပေမယ့်လည်း စစ်ဆင်ရေးရပ်နားမယ်ဆိုတဲ့ နယ်မြေထဲမှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပါဘူး။ လက်ရှိမှာ တိုက်ပွဲရင်ဆိုင်မှုတွေ အများကြီးရှိနေတဲ့ တိုက်ပွဲဖြစ်နေတဲ့ နေရာတွေက ပြည်သူတွေကတော့ စိုးရိမ်စရာကိစ္စတွေတော့ ရှိကြမှာပေါ့ဗျာ။ တပ်မတော်ဘက်ကနေ ငြိမ်းချမ်းရေးကို စေတနာမှန်မှန် သဘောရိုးနဲ့ ဦးတည်တယ် ဆိုလို့ရှိရင် သူတို့ဘက်က တတိုင်းပြည်လုံး အတိုင်းအတာဆောင်တဲ့ အပစ်ခက်ရပ်စဲရေးကို ကြေညာဖို့သင့်တယ်။

ဒါပေမယ့် အခုကြေညာချက်ကတော့ ချန်ချင်တဲ့နေရာတွေကို ချန်ထားခဲ့တဲ့ သဘောရှိတယ်။ အထူးသဖြင့် ရိုးသားမှုပိုင်းမှာ အားနည်းနေသေးတယ်လို့ပဲ ကျေန်ာတို့က မြင်တယ်။ သူတို့ဘက်က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ချန်ထားတဲ့အပိုင်းက အကြမ်းဖက် အန္တရာယ် သဘောမျိုး ရှိတဲ့အတွက်ကြောင့်ပြောတာရှိတယ်။ မောင်တောမြို့နယ် ချန်ထားပြီးတော့ ရခိုင်ပြည်နယ်တခုလုံး တခြားနေရာတွေကို ကြေညာချက်ထဲမှာ ထည့်လို့ရတာပဲ။ ရပ်စဲလို့ရတာပဲ။ ဒါပေမယ့် သူတို့ဘက်က အဲလိုမလုပ်ဘူး။ အဲဒါကတော့  တခြားရည်ရွယ်ချက်တွေ ရှိနိုင်တယ်လို့ သုံးသပ်တယ်။

မေး - နှစ်မကုန်ခင်လေးတင် ရခိုင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေက ခပ်စိတ်စိတ် ဖြစ်လာတာကို တွေ့ရတယ်။ ပြည်သူတွေကလည်း စိုးရိမ်နေကြတယ်။ နှစ်ဖက်တိုက်ပွဲတွေက ပြည်သူတွေအတွက် ဘယ်လောက် အန္တရာယ်များနေတယ်လို့ ထင်လဲခင်ဗျ။

ဖြေ - စစ်ပွဲဇုန်ထဲမှာရှိတဲ့ ပြည်သူတွေကတော့ ကျီးလန့်စာစားပေါ့။ ပြည်သူတွေကတော့ ဒုက္ခရောက်တာပေါ့။ နှစ်ဖက်တိုက်ပွဲ ဖြစ်နေတဲ့ နေရာတွေမှာ အခုတိုက်ပွဲဖြစ်တာက ဗမာ့တပ်မတော်က ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက ရက္ခိုင့်တပ်မတော် အခြေစိုက်ထားတဲ့ နေရာတွေထဲမှာ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် နေရာစုံမှာ တိုက်ပွဲတွေ ဖြစ်လာတာ။

မေး - လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေနေကရော ဘယ်လိုဖြစ်နေပါသလဲ။

ဖြေ - တိုက်ပွဲကတော့ ၂၃ ရက် နေ့လယ် ၂ နာရီခွဲကနေပြီးတော့ ၃ နာရီခွဲအထိ ဖြစ်နေတယ်။ ဗမာစစ်တပ်ကနေ ကျေန်ာတို့ အခြေစိုက်ထားတဲ့ နေရာထဲကို အင်အား အလုံးအရင်းနဲ့ ဝင်တိုက်တာရှိတယ်။ တိုက်ပွဲ အပြန်အလှန်ဖြစ်ပြီးတော့ ၃ နာရီခွဲလောက်မှာ ပြန်ပြီး တပ်လှန်သွားတယ်။ ညနေ ၆ နာရီလောက်မှာ တကြိမ် ထိုးစစ်ဆင်တယ်။ ၂၄ ရက်နေ့မနက်မှာ ဗမာစစ်တပ်က လက်နက်ကြီးနဲ့ လှမ်းပစ်နေတာရှိတယ်။

မေး - စစ်ဘေးရှောင်လာတဲ့သူတွေ များလာတယ်လို့ ပြောတယ်။ တိုက်ပွဲတွေက ရွာတွေ အနီးနားမှာ ဖြစ်တာလား။

ဖြေ - စစ်ရှောင်ဒုက္ခသည်တွေကတော့ အခုဆိုရင် ၁၂၀၀ ကျော်လောက်အထိ ရှိလာပြီ။ ဟုတ်တယ် ခင်ဗျားပြောတဲ့ ကျောက်တော်မြို့နယ်ထဲက ပြည်သူတွေ နောက် ရသေ့တောင်ဘက်က ပြည်သူတွေလည်း ရှိတယ်။ စစ်ရှောင်တွေကတော့ ရသေ့တောင်မြို့နယ်ထဲမှာရော ဘူးသီးတောင်မြို့နယ်ထဲမှာရော နောက် ပုဏ္ဏားကျွန်းမြို့နယ်ထဲမှာရော ကျောက်တော်မှာရော အကုန်ပေါင်းလိုက်ရင် ရထားတဲ့ စာရင်းအရဆိုရင် ၁၂၀၀ ကျော်လောက်အထိ ရှိနေပြီ။

မေး - အေအေနဲ့ တပ်မတော်ကြားက ဆွေးနွေးမှုတွေကရော ဘာထူးခြားမှုတွေရှိပါသလဲ။

ဖြေ - အခုချိန်ထိတော့ ရေရာတဲ့ တိုးတက်မှုလို့ ပြောဖို့တော့ နည်းနည်းတော့ ခက်တာပေါ့။ အရင်တုန်းကတော့ တံခါးပိတ်ဆွေးနွေးတာလေးတွေ ရှိခဲ့တယ်။ အခု နှစ်ဖက် ညှိနှိုင်းမှုတွေ ရှိလာမယ်ဆိုရင်တော့ ဒါက ဖြစ်ပေါ်တိုးတက်မှုတခုလို့ ပြောရင်လည်း ရတယ်ဗျာ။

မေး - ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ခရစ္စမတ်လက်ဆောင်အနေနဲ့ ပစ်ခတ်မှုတွေ ရပ်ထားတာလို့ပြောတော့ အခု ရခိုင်ပြည်မှာ တိုက်ပွဲတွေဖြစ်နေတာက ဆွေးနွေးမှုအတွက် အဟန့်အတားများ ဖြစ်နိုင်လား။

ဖြေ - ထုတ်ပြန်ချက်ကတော့ ၂၁ ရက်နေ့က ထုတ်ထားပြီးပြီ။ သူတို့ဘက်က မလုပ်ဘူးဆိုပြီးတော့ ထုတ်ထားပြီ။ ဒါပေမယ့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဧရိယာတော့ မပါဘူး။ နှစ်ဖက်တိုက်ပွဲ ဖြစ်နေတဲ့ နေရာတွေမှာတော့ အခုထိ တိုက်ပွဲတွေက ဆက်ဖြစ်နေတုန်းပဲ။

မေး - ဒါဆို တိုက်ပွဲတွေမဖြစ်ဖို့အတွက် တည်ငြိမ်ဖို့ ဘယ်နည်းလမ်းတွေ လုပ်ဆောင်ဖို့ လိုအပ်မလဲ။

ဖြေ - ဗမာ့တပ်မတော်ကနေ ရခိုင်ပြည်နယ်ထဲမှာ ဖြတ်လေးဖြတ်ပုံစံမျိုး လုပ်နေတာရှိတယ်။ ဖြတ်လေးဖြတ်စစ်ဆင်ရေး လုပ်တဲ့နေရာမှာ အထူးသဖြင့် ပြည်သူတွေရဲ့ သွားရေးလာရေးတွေကို ကန့်သတ်တာက အစပေါ့ဗျာ။ ဒေသတွင်းတခုလုံးကို တင်းတင်းကျပ်ကျပ် လုပ်နေတာရှိတယ်။ ရိုးသားတဲ့စေတနာနဲ့ အပစ်ရပ်ရေး လုပ်ချင်တယ်ဆိုရင် ဖြေလျော့ပေးဖို့လိုတယ်၊ ရုပ်သိမ်းသွားဖို့ လိုတယ်။ မဟုတ်ဘဲနဲ့ ဖြတ်လေးဖြတ်စစ်ဆင်ရေးတွေကို မရုပ်သိမ်းဘဲနဲ့ ငါတို့ဘက်က အပစ်အခတ် ရပ်စဲထားပါတယ်ဆိုတာက နည်းလမ်းမကျဘူးဗျ။ လက်နက်ကိုင်တပ်ဖွဲ့ နှစ်ခု ကြားမှာတော့  အပစ်အခတ်တွေ ရပ်သွားဖို့ ဆိုတာကတော့ လက်တွေ့ကျမှာ မဟုတ်ဘူးဗျာ။

မေး - တပ်မတော်က အပစ်ရပ်စဲရေးကို ဦးဆောင်ရမယ်လို့ တောင်းဆိုထားတာလည်း ရှိတယ်။ နောက် စစ်ပွဲတွေရပ်ဖို့က နှစ်ဖက်တပ်တွေ အကုန်ရပ်မှရမယ်လို့ ပြောထားကြတာတွေလည်း ရှိတော့ အခု တပ်မတော်ဘက်က အပစ်ရပ်စဲကြောင်း ထုတ်ပြန်လိုက်တော့ EAOs တွေဘက်ကရော အပစ်ရပ်ကြောင်း ထုတ်ပြန်ဖို့ လိုအပ်မယ်လို့ ထင်လားဗျာ့။

ဖြေ - ကျေန်ာတို့မြင်တာကတော့ ရိုးရိုးရှင်းရှင်ပဲဗျာ။ အခုဖြစ်နေတဲ့ တိုက်ပွဲတွေက ဗမာ့တပ်မတော်ဘက်က ထိုးစစ်ဆင်လို့ ဖြစ်နေတဲ့ တိုက်ပွဲတွေ။ ဗမာ့တပ်မတော်က ထိုးစစ်တွေကို အမှန်တကယ် ရပ်လိုက်ရင် ကျေန်ာထင်တယ် တိုက်ပွဲတွေက အလိုလိုရပ်သွားမယ့် သဘောရှိတယ်။

မေး - တပ်မတော်ကပြောတဲ့ ၂၀၂၀ ငြိမ်းချမ်းရေးနဲ့ အစိုးရသွားမယ့် ၂၁ ရာစု ပင်လုံအပေါ် ဘယ်လိုနားလည်ပါသလဲ။

ဖြေ - ၂၀၂၀ မှာ ငြိမ်းချမ်းရေး အပြည့်အဝရမယ် ဆိုတာကတော့ လက်ရှိအနေထားတွေကို သုံးသပ်ကြည့်ရင် သိပ်မလွယ်သေးဘူးလို့ ထင်တယ်။

မေး - အေအေအနေနဲ့ တဖွဲ့ချင်း အပစပ်ရပ်လက်မှတ် ထိုးဖို့ကိစ္စ ဘယ်လိုအခြေအနေ ရှိပြီလဲ။

ဖြေ - အခုထက်ထိတော့ ဒီကိစ္စတွေက ဘာမှ ညှိနှိုင်းဆွေးနွေးတာ မရှိသေးဘူးဗျာ။

မေး - တခြားဖြည့်စွက် ပြောစရာများ ရှိသေးလားခင်ဗျာ။

ဖြေ - ပြီးခဲ့တဲ့ ၁၈ ရက်နေ့က ပုဏ္ဏားကျွန်းနဲ့ ကျောက်တော်ကြားမှာ ရဟတ်ယာဉ် ၂ စီးနဲ့ လာတိုက်တာရှိတယ်။ အဲဒါကို သမ္မတရုံး ပြန်ကြားရေးမှူး ဦးဇော်ဌေးကနေပြီးတော့ သတင်းစာရှင်းလင်းပွဲမှာ ပြောတာရှိတယ်။ ရဟတ်ယာဉ်နဲ့တိုက်တာ မရှိဘူးလို့ ပြောတာရှိတယ်။ ဒါက ဘာကိုညွှန်ပြနေလဲဆိုရင် အစိုးရက ဗမာစစ်တပ်ပြောတာ တခုတည်းကိုပဲ နားထောင်ပြီးတော့ ပြည်သူတွေတင်ထားတဲ့ ပြည်သူတွေရဲ့အသံကို နားမထောင်ဘူးဆိုတာကို ထင်ဟပ်နေတယ်။

နောက်တခုရှိတာက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီ အစိုးရဟာ အခုချိန်ထိ စစ်တပ်ဆီမှာ အလိမ်ခံနေရတုန်းပဲဆိုတာ ကျေန်ာတို့ ကွက်ကွက်ကွင်းကွင်း မြင်တွေ့ရတယ်။ မြေပြင်မှာ ပြည်သူလူထုတွေကို သွားမေးကြည့်လိုက်ပါ။ ဗုန်းကြဲလား မကြဲဘူးလား။ ပြည်သူတွေ အကြောက်တရား ဘယ်လောက်လွှမ်းမိုးနေလဲဆိုတာ ဦးဇော်ဌေးကို အလည်ပို့ပြီးတော့မှ ကွင်းဆင်းပြီးတော့မှ မေးမြန်းကြည့်စေချင်တယ်ပေါ့ဗျာ။      ။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013