DVB Logo
Home
မြန်မာသတင်း
လက်ပံတန်းတွင် ရေခဲစက်က အမိုးနီးယားဓာတ်ငွေ့ ယိုစိမ့်မှုကြောင့် လူ ၁၅၀ ကျော်တိမ်းရှောင်
DVB
·
December 25, 2018
လက်ပံတန်းတွင် ရေခဲစက်က အမိုးနီးယားဓာတ်ငွေ့ ယိုစိမ့်မှုကြောင့် လူ ၁၅၀ ကျော်တိမ်းရှောင်
1 / 4
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့မှာ မနေ့ညက ရေခဲစက်ဂက်စ်အိုးကနေ အမိုးနီးယားဓာတ်ငွေ့တွေပျံ့နှံ့လာတာကြောင့် အနီးအနားရပ်ကွက်က ပြည်သူ ၁၅၀ ကျော်လောက်  ဘေးလွတ်ရာ ရှောင်တိမ်းနေရပါတယ်။

မနေ့က ည ၁၁ နာရီ လောက်က လက်ပံတန်းမြို့ မအူကုန်းရပ်ကွက် ကံကြီးလမ်းမှာရှိတဲ့ ကိုဇော်မင်းလှိုင် ပိုင်ဆိုင်တဲ့ ရေခဲစက်မှာ ရေခဲရာမှာသုံးတဲ့ အမိုးနီယားဓာတ်ငွေ့ ဂက်စ်အိုးကနေ ဂက်စ်ယိုစိမ့်ထွက်ခဲ့တာပါ။

မအူကုန်းရပ်ကွက်မှာ နေထိုင်တဲ့ မနွဲ့က “ညက ၁၁ နာရီကျော်လောက်မှာ အသံတွေ ဆူညံတာကြောင့် လန့်နိုးလာခဲ့တယ်။ အိမ်နားမှာလည်း ပြေးကြဟေ့ ရေခဲစက်က ဂက်စ်အိုးပေါက်လို့တဲ့လို့ ပြောတဲ့အသံကြား လိုက်ပြီးတော့ အနံ့ဆိုးဆိုးကိုလည်း ရနေပါတယ် ကျမလည်း ရှူနေရတဲ့အနံ့ကြောင့် ခေါင်းတွေ မူးပြီး အန်ချင်လာတယ်။ အဲ့ဒါကြောင့် အိမ်နားနီးချင်းတွေနဲ့အတူ အနံ့နဲ့ဝေးရာကို ပြေးလာရင်း အခု မြို့ထဲ ၁ လမ်းကို ရောက်လာတာပါ။ ဒီရောက်တော့ ရပ်ကွက်က လူတွေအများကြီး ရောက်နေတာ တွေ့တယ်”လို့ ပြောပါတယ်။

ဓာတ်ငွေ့နံ့ကြောင့် ရပ်ကွက်နေ ပြည်သူတွေ မူးဝေအော့အန်ကာ မင်းရပ် ရပ်ကွက် အားကစားခန်းမကို ရွှေ့ပြောင်းခဲ့ရပြီး အသက်အရွယ်ကြီးသူ အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီး တဦး အသက်ရှူကျပ်တဲ့ ဝေဒနာကြောင့် လက်ပံတန်းဆေးရုံကို ပို့ဆောင်ကုသပေးခဲ့ရတယ်လို့ လက်ပံတန်းမြို့ မြို့မရဲစခန်းတာဝန်ရှိသူ တဦးက ဒီဗွီဘီကို ပြောပါတယ်။

ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ လက်ပံတန်း လူမှုကယ်ဆယ်ရေးအသင်းက တာဝန်ရှိသူ တဦးက “အခင်းဖြစ်တာ သိသိချင်း မီးသတ်ကို အရင်အကြောင်းကြားတယ်။ လူနာတင်ကား နှစ်စီး ချက်ချင်းအခင်းဖြစ်ရာကို သွားတယ်။ ကျနော်တို့ အခင်းဖြစ်ရာနေရာကိုရောက်တော့ ဓာတ်ငွေ့နံ့ ကြောင့် ကိုက် ၃၀၀ လောက်ထိ အနားကပ်လို့မရပါဘူး။ ကန်တစ်ရာလမ်းဆုံထိ ကျနော်တို့သွားပြီး ရပ်ကွက်က ရှောင်တိမ်း လာသူတွေကို လိုအပ်တဲ့အကူအညီတွေပေးပါတယ်။ မီးသတ်ကားနဲ့ ရေတွေဖြန်းပြီး အနံ့နည်းနည်းသက်သာသွားတော့မှ ရပ်ကွက်ထဲက လမ်းတွေကိုဝင်ပြီး ဓာတ်ငွေ့ အန္တရာယ်ကြောင့် မူးဝေအော့အန်နေသူတွေကို ဘေးလွတ်ရာကို ရွှေ့ပေးပါတယ်၊ ရေသန့်ဗူးတွေ ဝေပေးတယ်။ maskတွေ ဝေပေးပါတယ်၊ နောက် mask က မလောက်တော့တဲ့အတွက် သုံးဆယ်မြို့က ကရုဏာရှင်အသင်းကို စက်နဲ့ အကူအညီလှမ်းတောင်းတော့ သူတို့ကား နှစ်စီးထပ်လာပြီး mask နဲ့ အခြားလိုအပ်တာ ကူညီပေးပါတယ်”လို့ ပြောပါတယ်။

နောက်တနေ့ မနက် အစောပိုင်းမှာတော့ ဓာတ်ငွေ့ အနံ့သက်သာလာလို့ ထွက်ပြေး တိမ်းရှောင်လာသူတွေကို လူမှုကူညီရေးအဖွဲ့တွေက  နေအိမ်ဆီကို ပြန်ပို့ပေးခဲ့ပါတယ်။

လက်ပံတန်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ကိုနိုင်က “ မနက် ၃ နာရီခွဲလောက်မှ အနံ့သက်သာလာလို့ လူတွေကို သူတို့နေအိမ်ကို ပြန်ပို့ပေးခဲ့ပါတယ်။ ကျနော်တို့ အနေနဲ့ကတော့ နည်းပညာတွေတော့ နားမလည်ပါဘူး။ အမိုးနီးယားဓာတ်ငွေ့သင့်ရင် မျက်စိအန္တရာယ်ရှိတယ်။ မူးဝေအော့အန်တယ်၊ ပန်းနာရင်ကျပ်တို့ နှလုံးရောဂါရှိသူတို့ဆိုရင် အသက်အန္တရာယ် ဖြစ်နိုင်တယ် လို့သိရတဲ့အတွက် စီးပွားရေးသမားကတော့ စီးပွားရေးအတွက် လုပ်တာဖြစ်ပေမယ့် ပြည်သူ တွေရဲ့ အသက်အိုးအိမ်ကို ကူညီကယ်ဆယ်ပေးနေတဲ့ ကျနော်တို့လို ပရဟိတသမားတွေ အနေနဲ့တော့ စိတ်မကောင်းပါဘူး။ အခုလိုမျိုးတွေ ထပ်မဖြစ်စေချင်ပါဘူး”လို့ ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ လက်ပံတန်းမြို့မရဲစခန်းကို သွားရောက်မေးမြန်းတဲ့အခါမှာတော့ ဒီကိစ္စဟာ ရဲအရေးမပိုင်တဲ့ အတွက် အမှုဖွင့်လှစ်ခြင်းမရှိဘူးလို့ တာဝန်ကျ ရဲအရာရှိတဦးက ပြောပါတယ်။

သတင်း/ဓာတ်ပုံ ဝဏ္ဏထွန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013