DVB Logo
Home
Lead Story
“အကြောက်တရားကြောင့် အသံကျယ်ကျယ် မထွက်ရဲခဲ့ကြတာ” - ဒေါက်တာ စိုးသူရဇော်နှင့် မေးမြန်းချက်
DVB
·
December 24, 2018
“အကြောက်တရားကြောင့် အသံကျယ်ကျယ် မထွက်ရဲခဲ့ကြတာ” - ဒေါက်တာ စိုးသူရဇော်နှင့် မေးမြန်းချက်
Donate to DVB

ပြင်ဦးလွင်မှာဖွင့်လှစ်ထားတဲ့ အထက်မြန်မာပြည် ဗဟိုဝန်ထမ်းတက္ကသိုလ် (ဇီးပင်ကြီး) မှာ သင်တန်းတက်ခဲ့သူ သွားဆရာဝန်တယောက်က သူ့ရဲ့ အတွေ့အကြုံတွေကို ဇီးပင်ကြီးစစ်တမ်း ဆိုပြီး ဖေ့စ်ဘွတ်ခ်မှာ ရေးသား ဝေဖန်ထားခဲ့ပါတယ်။

ဒီစစ်တမ်းနဲ့ပတ်သက်ပြီး ကျန်းမာရေးဦးစီးဌာနက ဌာနတွင်းစစ်ဆေးဖို့ လုပ်နေတဲ့ အပေါ်မှာ ဆရာဝန်အသိုင်းအဝိုင်းက ကန့်ကွက်ကြောင်းနဲ့ ရေးသားသူ ဒေါက်တာ စိုးသူရဇော်ကို ထောက်ခံကြောင်း အွန်လိုင်းမှာ စုပေါင်းလှုပ်ရှားဆောင်ရွက်နေကြပါတယ်။

ဒီအဖြစ်အပျက်တွေကို အကြောင်းစုံသိရဖို့ ဒေါက်တာ စိုးသူရဇော်ကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းထားပါတယ်။

မေး - ဗဟိုဝန်ထမ်းတက္ကသိုလ်တက်ဖို့ ကြုံလာတာလေးကို အရင်ရှင်းပြပေးပါဦး။

ဖြေ - ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလမှာ ဘွဲ့ယူပြီး သခ တပါတည်း ရခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် စက်တင်ဘာလထဲမှာ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှာ ဝင်ခွင့်စာမေးပွဲ အောင်မြင်ပြီး ဗဟိုဝန်ထမ်းတက္ကသိုလ် အထက်မြန်မာပြည်မှာ ၂၀၁၇ ခုနှစ် အောက်တိုဘာနဲ့ ဒီဇင်ဘာလမှာ နှစ်လတာ သင်တန်းတက်ခဲ့ရပါတယ်။

မေး - အဲဒီသင်တန်းက ဘယ်ဌာနတွေက လာတက်ကြရတာလဲ။

ဖြေ - မြန်မာနိုင်ငံ အစိုးရယန္တယားထဲမှာ ရှိနေတဲ့ နိုင်ငံ့ဝန်ထမ်းအားလုံးက တချိန်ချိန်မှာတော့ မဖြစ်မနေ တက်ကြရပါတယ်။ ဒီသင်တန်းကျောင်းကို တက်ထားမှ ဒီသင်တန်းကျောင်းက အမှတ်တွေကို ကြည့်ပြီးမှ ရာထူးတိုးမှာ စဉ်းစားတာ၊ နိုင်ငံခြား ပညာတော်သင် လွှတ်တာတွေ ရှိတယ်လိုတော့ ကြားဖူးပါတယ်။

မေး - အခု ဆရာရေးထားတဲ့ စာတမ်း ၃ ပုဒ်မှာ ပထမတပုဒ်က သင်တန်းမှာ နေထိုင်ရတဲ့ ပုံစံတွေ၊ ဒုတိယက သင်ကြားပေးတာတွေကို ရေးထားပြီး နောက်ဆုံးအပုဒ်ကတော့ ဒီအပေါ်မှာ ပြန်သုံးသပ်ပြထားတဲ့ ပုံစံပေါ့လေ။ ဆိုတော့ နောက်ထပ် ရေးစရာတွေ ရှိသေးလား။ မရေးဖြစ်တာလား။

ဖြေ - ရေးစရာတွေကတော့ အများကြီး ကျန်နေပါသေးတယ်။ ဆက်ရေးဖို့လည်း ရှိပါတယ်။

မေး - ဇီးပင်ကြီးစစ်တမ်း အပိုင်း ၂ မှာ သင်ကြားတဲ့ အကြောင်းအရာတချို့ ဖော်ပြထားတယ်။ နောက်ထပ် မဖော်ပြဖြစ်ခဲ့တာတွေထဲက ပြောပြစရာတွေ ရှိလားခင်ဗျ။ ဘာတွေပါလဲ။

ဖြေ - ကျနော်ရေးသားခဲ့တဲ့ ဇီးပင်ကြီး အပိုင်းနှစ်မှာ ဖော်ပြခဲ့တာ အပြည့်အစုံပါပဲ။

မေး - ဒီလို သင်ကြားတဲ့အပေါ်မှာ သင်တန်းသားတချို့က ပြန်လှန်မေးခွန်းထုတ်ကြတယ်လို့ ဆရာရေးထားတယ်။ ကျန်တဲ့ သင်တန်းသားတွေကရော ဒီအပြောတွေအပေါ်မှာ ဘယ်လိုသဘောထား ရှိကြလဲခင်ဗျ။

ဖြေ - သင်တန်းသားတွေကတော့ ဆွေးနွေးချိန်တွေမှာ သင်ကြားမှုနဲ့ပတ်သက်ပြီး ဝေဖန်တာ၊ ထောက်ပြ ဆွေးနွေးတာတွေကို လုပ်ခဲ့ကြဖူးပါတယ်။ ဒါ့အပြင် သင်တန်းကျောင်းရဲ့ စည်းကမ်းပိုင်းဆိုင်ရာနဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ချို့ယွင်းချက်တွေကို တရားဝင် ပေါ်တင်ဆွေးနွေး ဝေဖန်တာမျိုး ရှိသလို တိုးတိုးတမျိုး၊ ကျယ်ကျယ်တမျိုးလည်း ဝေဖန်ခဲ့ကြပါတယ်။

သင်တန်းသားအများစုကတော့ ချို့ယွင်းချက်တွေ၊ မှားယွင်းနေတာတွေ ရှိတယ်ဆိုတာ သိလည်းသိမြင်သလို ဝေဖန်လည်း ဝေဖန်လိုပေမယ့် အကြောက်တရား ဖိစီးတာရယ်၊ အကျိုးစီးပွားကို တစုံတရာ ထိခိုက်မှာ စိုးတာတွေရယ်ကြောင့် အသံကျယ်ကျယ် မထွက်ရဲခဲ့ကြတာလို့ မြင်ပါတယ်။

မေး - ဒါကို ရေးမယ်ဆိုတဲ့အချိန်မှာ ဘာဖြစ်နိုင်တယ်ဆိုတာမျိုး တွေးမိခဲ့လား။ နိုင်ငံတော် အတိုင်ပင်ခံကို တိုင်တည်ရေးထားတာလည်း တွေ့ရတယ်။ တကယ်ပဲ တာဝန်ရှိသူတွေ ဒီပို့စ်ကို မြင်မယ်လို့ မျှော်လင့်ခဲ့လား။

ဖြေ - ပထမဆုံးအနေနဲ့ ကျနော် ဘာလို့ ဒီလိုရေးရသလဲဆိုတော့ အဓိက က အောက်ခြေမှာ ဖြစ်ပေါ်နေတဲ့ ပစ္စက္ခအခြေအနေတွေကို အစိုးရပိုင်းဆိုင်ရာ လူကြီးတွေကို သိစေချင်တယ်။ ဒါ့အပြင် ဒီလိုဒီလိုတွေ ဖြစ်ပျက်နေပါတယ် ဆိုတာကို ပြည်သူတွေလည်း သိသင့်တယ်လို့ ထင်တယ်။ ဒီသင်တန်း တက်ဖူးသမျှ ကျနော်တို့ နိုင်ငံ့ဝန်ထမ်းတွေ အကြားမှာတော့ ဒီလိုတွေ မကြာခဏ တွေ့ကြုံဖူးကြသလို နိုင်ငံ့ဝန်ထမ်းတွေ အချင်းချင်းကြားမှာလည်း ဒါတွေကို ဆွေးနွေးဝေဖန်ဖူးကြပါတယ်။ အပြင်ကို ပြည်သူလူထုကို တရားဝင် ထုတ်ဖော်မပြောတာဘဲ ရှိတာပါ။ အခုလို ပြောင်းလဲလာတဲ့ခေတ်မှာ ဒါမျိုးတွေဟာ ပြည်သူလူထုက သိဖို့ အချိန်တန်ပြီ၊ သိလည်း သိသင့်တယ်ထင်လို့ ရေးသားခဲ့ပါတယ်။ ဒီလိုရေးသားတဲ့အတွက် ဒီလို ဘေးထွက်ဆိုးကျိုးတွေ ရှိလာမယ်လို့လည်း အစကတည်းက တွေးထားပါတယ်။ အခုလို အခြေအနေမှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လည်း သိနေလောက်ပြီလို့ ယူဆမိပါတယ်။

မေး - ရေးသားပြီးတဲ့အချိန်မှာပဲ ပြန်ပြီး မျှဝေသူ၊ မှတ်ချက်ပေးသူတွေ အများကြီးရှိခဲ့တယ်။ တခြားရော ဆရာ့ကို ဝေဖန်တာ၊ ခြိမ်းခြောက်တာမျိုး ကြုံခဲ့ရလား။

ဖြေ - ကျနော့်ကို ပြန်ပြီး ဝေဖန်တာမျိုးတွေကတော့ ရှိနိုင်ပါတယ်။ ခြိမ်းခြောက်တာမျိုးကတော့ မကြုံရပါဘူး။

မေး - စာ ၃ ပုဒ်လုံးမှာ ပုံထပ်ဖြည့်တာ၊ ခေါင်းစဉ် နည်းနည်းပြင်တာလောက်ပဲ ပြင်ဆင်တာကို တွေ့ရတယ်။ လူတွေအများကြီးက ပြန်မျှဝေတဲ့အချိန်မှာ ကိုယ့်စာကို ကိုယ်ပြန်ဖတ်ပြီး ပြင်ဆင်စရာတွေ ကြည့်ခဲ့ဖူးလား။

ဖြေ - ကျနော် ဒီစာတွေကို စတင်ရေးသားကတည်းကနေ အခုအချိန်ထိ ကိုယ့်ကိုယ်ကိုယ်၊ ကိုယ်ရေးတာကို ယုံကြည်မှု ရှိပြီးသားပါ။

မေး - အခုလို ဌာနတွင်း စစ်ဆေးခံရတဲ့ အကြောင်းကို ရှင်းပြပါဦး။

ဖြေ - ကျနော်ရေးသားခဲ့တဲ့ ဇီးပင်ကြီးစစ်တမ်းနဲ့ ပတ်သက်ပြီး ဒီဇင်ဘာ ၁၀ ရက် မနက် ၉ နာရီမှာ ဌာနတွင်း စုံစမ်းစစ်ဆေးမယ်ဆိုတာကို ဒီဇင်ဘာ ၁၉ ရက် မနက် ၁၀ နာရီခွဲမှ လက်ခံရရှိပါတယ်။

မေး - အဲဒီစစ်ဆေးမှု အပေါ်မှာရော ဘယ်လို ချေပခဲ့ပါသလဲ။

ဖြေ - ပထမဆုံးအနေနဲ့ ကျနော် ဒီစာကိုရေးသားခဲ့တာဟာ လုပ်ကြံလီဆယ်ပြီး ရေးသားခဲ့တာ မဟုတ်ဘူး၊ ကိုယ်တိုင်တွေ့ကြုံခဲ့ရတာတွေမှာ အခြေခံပြီးတော့မှ ပြုပြင်ပြောင်းလဲရမယ့် အချက်တွေကို ထောက်ပြခဲ့တာဖြစ်တယ်။ လူတဦးတယောက်၊ အဖွဲ့အစည်းတခုကို ဦးတည်ပြီး တိုက်ခိုက်တာ မဟုတ်ဘူး။ ဒါကြောင့်မို့ ကျနော့်ကို စွဲချက်တင်ထားတဲ့ အချက်တွေဟာ လုံးဝ ခိုင်လုံမှုမရှိလို့ စွဲချက်မတင်သင့်၊ မတင်ထိုက်ဘူး။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သော်လည်းကောင်း၊ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို အကာအကွယ်ပေးရေး ဥပဒေတို့အရ လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့် အပြည့်အဝရှိပါတယ်လို့ ခုခံချေပထားပါတယ်။

မေး - စစ်ဆေးရေးအဖွဲ့ကရော ဘာပြောလဲ။

ဖြေ - စစ်ဆေးရေးအဖွဲ့ကတော့ တာဝန်အရ လုပ်ရတာပါလို့ ပြောပါတယ်။  စစ်ဆေးမေးမြန်းတဲ့ နေရာမှာလည်း နွေးနွေးထွေးထွေး ရှိကြပါတယ်။

မေး - နှုတ်နဲ့လည်း ဖြေမယ်လို့ ဘာကြောင့် ပြောခဲ့တာပါလဲ။

ဖြေ - နှုတ်နဲ့ ခုခံဖြေဆိုမယ်လို့ ပြောခဲ့တာကတော့ ကျနော့်အနေနဲ့ မှန်တာတွေကိုပဲ ရေးသားထားခဲ့တာ ဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် လိပ်ပြာလုံတာကြောင့်ပါ။

မေး - ဘာကြောင့် အခုလို စုံစမ်းစစ်ဆေးခံနေရတယ်လို့ ထင်လဲ။

ဖြေ - အခုလို စုံစမ်းစစ်ဆေးခံနေရတာက လုပ်ထုံးလုပ်နည်း အမှားတွေကြောင့်ပါ။ အဓိက Main stream ပြဿနာ မဟုတ်ပါဘူး။ စုံစမ်းစစ်ဆေးခံရတဲ့အတွက် ကျနော့်အနေနဲ့ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ထိခိုက်တာတွေရှိတယ်။ အားလုံးကြားတဲ့အတိုင်း ပြည်ထောင်စုဝန်ကြီးဌာနက မသိဘဲ ခုံဖွဲ့စစ်ခံလိုက်ရတဲ့အတွက် ကျနော့်ရဲ့ လူ့အခွင့်အရေး ဆုံးရှုံးတယ်လို့တောင် ပြောလို့ရတယ်။ ဒါပေမယ့် ဒါသည် အဓိကပြဿနာ မဟုတ်ဘူး။ ဒါကို ပြည်သူတွေ မျက်ခြည်မပြတ်ဖို့လည်း မေတ္တာရပ်ခံပါတယ်။

မေး - အခုကြုံနေရတဲ့ အပေါ်မှာ ဘာများပြောချင်လဲ။

ဖြေ - ကျနော်တို့ ပြည်သူတွေက နိုင်ငံရေးရေချိန်မြင့်မားတယ်။ မတရားမှုကို လုံးဝလက်မခံဘူးဆိုတာ ဒီအဖြစ်အပျက်က သက်သေပါပဲ။ တဆက်တည်းမှာပဲ ကျနော်တို့ ပြည်သူတွေအနေနဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ်တွေက သင်တန်းတွေဟာ တိုင်းပြည်အတွက် အကျိုးရှိ၊ မရှိ ဆိုတာကို တညီတညွတ်တည်း မေးခွန်းထုတ်စေချင်ပါတယ်။

မေး - ဆရာ့ကို စစ်ဆေးတဲ့အပေါ်မှာ ဆရာဝန်တွေနဲ့ တခြားအသိုင်းအဝိုင်းက ပုဂ္ဂိုလ်တွေ အများကြီးက ကန့်ကွက်ကြသလို ဆရာရေးတာတွေကို ထောက်ခံနေကြတယ်။ သူတို့ကိုရော ဘာများ ပြောချင်ပါသလဲ။

ဖြေ - ကျနော့်ကို တခါမှ မမြင်ဘူး၊ မသိတဲ့သူတွေက အခုချိန်မှာ ကျနော့်ကို ဝိုင်းဝန်းအားပေး ကူညီနေကြတယ်။ ဘက်ပေါင်းစုံကနေပေါ့နော်။ ဒီလိုအားပေးကြတဲ့အတွက် ပြောမပြတတ်အောင်ကို ကျေးဇူးတင်ရပါတယ်။ ဝမ်းလည်းသာပါတယ်။ နောက်ထပ်အနေနဲ့က အခုလို အားပေး ထောက်ခံနေကြတာက ဒေါက်တာစိုးသူရဇော်ကို အားပေးထောက်ခံနေတယ် ဆိုတာထက် အမှန်တရားဘက်က ရပ်တည်နေကြတာ၊ မတရားမှုကို ဝိုင်းဝန်းတိုက်ဖျက်နေကြတာပါ။ ပြောရရင် ဒီပွဲက ဒေါက်တာစိုးသူရဇော် ပြဿနာ မဟုတ်ပါဘူး။ ပြည်သူတွေရဲ့ ပြဿနာပါ။ နိုင်ငံ့ဝန်ထမ်းအားလုံးရဲ့ ပြဿနာ၊ တွေ့ကြုံနေရတဲ့ အခက်အခဲဆိုတာကို ပေါ်လွင်ထင်ရှားနေပါပြီ။

မေး - ကျနော် မမေးဘဲ ကျန်ခဲ့တာ၊ ဖြည့်စွက် ပြောစရာများ ရှိသေးရင် ပြောပါဦး။

ဖြေ - ငါးနှစ်တကြိမ် အစိုးရပြောင်းပေမယ့် ဝန်ထမ်းဆိုတာမျိုးက အသက်ခြောက်ဆယ် ပြည့်တဲ့အထိ အလုပ်လုပ်ရသူတွေပါ။ ဒါကြောင့် နိုင်ငံ့ဝန်ထမ်းတွေရဲ့ အခန်းကဏ္ဍဟာ ဘယ်လောက်အရေးပါတယ်ဆိုတာ ပြည်သူတွေရော အခုလက်ရှိအစိုးရကိုရော သတိပြုမိစေချင်ပါတယ်။ ဝန်ထမ်းကောင်းမှ တိုင်းပြည်ကောင်းမှာပါ၊ တိုးတက်မှာပါ။

ကျေးဇူးတင်ပါတယ်။

(အရင်က ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ကို ပြည်ထောင်စုရာထူးဝန်အဖွဲ့အဖြစ် ၂၀၁၀ ခုနှစ်မှာ ပြောင်းလဲခဲ့ပြီး ဝန်ကြီးဌာနတွေနဲ့ အဖွဲ့အစည်းတွေရဲ့ ပြန်တမ်းဝင်အရာရှိတွေကို ခေါ်ယူတာ၊ လေ့ကျင့်ပေးတာတွေ ဆောင်ရွက်ပါတယ်။

ရာထူးဝန်အဖွဲ့ကို ဥက္ကဋ္ဌ ရုံးအဖွဲ့၊ ဝန်ထမ်းရေးရာဦးစီးဌာန၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေး ဦးစီးဌာန၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) နဲ့ (အထက်မြန်မာပြည်) တို့နဲ့ ဖွဲ့စည်းထားပါတယ်။

ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ကို လှည်းကူးမြို့နယ် ဖောင်ကြီးမှာ ၁၉၆၅ ခုနှစ်က စတင်ဖွင့်လှစ်ပြီး ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ကိုတော့ ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီးမှာ ၁၉၉၈ ခုနှစ် ဝန်းကျင်က စတင် ဖွင့်လှစ်ခဲ့ပါတယ်။)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013