မောင်တော ရဲကင်းစခန်းကို ၀င်ရောက်ဖျက်ဆီးသည့် တောဆင်ရိုင်းများကို ပစ်ခတ်တားဆီး

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းမှာ ရဲကင်းစခန်းတွေကို ၀င်ရောက်လာတဲ့ တောဆင်ရိုင်းအုပ်စုကို ပစ်ခတ်တားဆီးရာ ဆင်ရိုင်းတကောင်သေဆုံးသွားတယ်လို့ စခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။
ဒီဇင်ဘာ ၂၃ ရက်နေ့ မနက် အာရုံတက်ချိန်မှာ မီးတိုက်ချောင်းဝ ရဲကင်းစခန်းနဲ့ ကွမ်းသီးပင် ချောင်းဝရဲကင်းစခန်းအနီးကို ရောက်ရှိလာတဲ့ တောဆင်ရိုင်း သုံးကောင်ဟာ ရဲကင်းစခန်း ခြံစည်းရိုးတံခါးကိုဖျက်ဆီးပြီး ရဲကင်းစခန်းအတွင်းသို့ ၀င်ရောက် အန္တရာယ်ပြုလာတဲ့အတွက် ခြောက်လှန့် ပစ်ခတ်ခဲ့ရာကနေ တောဆင်ရိုင်းရဲ့ ဦးခေါင်းမှာ သေနတ် ထိမှန်ဒဏ်ရာရှိကာ သေဆုံးသွားခဲ့ကြောင်း စခန်းတာဝန်ရှိသူတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း လောက်ဒုံ၊ ငန်းချောင်း၊ အောင်ဇေယျ၊ အောင်မင်္ဂလာ၊ ရန်အောင်ပြင်၊ ငွေတောင်စတဲ့ကျေးရွာတွေရဲ့စပါးခင်းတွေကို တောဆင်ရိုင်းဝင်ရောက် ဖျက်ဆီး သွားခဲ့ပါတယ်။
ရသေ့တောင်မြို့နယ်၊ ကျွတ်ကျေးရွာအုပ်စု၊ ပိတောက်မြိုင်ကျေးရွာမှာတော့ နိုဝင်ဘာ ၂၈ ရက်က တောဆင်ရိုင်းတွေ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ လူတဦး သေဆုံးခဲ့ပါတယ်။
ဗညား











