
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သလူးချောင်းနဲ့ ငစိုင်းရိုင်းကိုင်းရွာတွေမှာ ရှိနေတဲ့ စစ်ရှောင်ဒုက္ခသည်တွေကို သွားရောက်ကူညီတဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကို ဒီကနေ့ စစ်တပ်က သွားခွင့်မပေးဘဲ တားဆီးလိုက်ပါတယ်။
တောင်မင်းကုလားကျေးရွာ(မြို) ကျေးရွာ အထက်ပိုင်းမှာရှိကြတဲ့ ကျေးရွာတွေကို စစ်ရှောင်ဒုက္ခသည်တွေ သွားရောက်ကူညီခွင့်မပြုတာကြောင့် ပြန်လှည့်ရတယ်လို့ အနောက်တံခါး ကူညီကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။
သလူးချောင်းကျေးရွာမရောက်ခင် စစ်တပ်ကမသွားဖို့ တားမြစ်တာကြောင့် ပြန်လှည့်ရတယ်လို့ အနောက်တံခါးကူညီကယ်ဆယ်ရေးအဖွဲ့က ဒေါ်လှမြင့်က ပြောပါတယ်။
"ကျမတို့အဖွဲ့တွေကို စစ်တပ်က တားပါတယ်။ နှစ်ဖွဲ့လုံး တောင်မင်းကုလား (မြိုရွာ) အနားရှိနေကြတာ သလူချောင်းကျေးနဲ့ ငစိုင်းရိုင်းကျေးရွာတွေကိုသွားလို့မရဘူး။ လာလမ်းအတိုင်း ပြန်လှည့်လို့ တပ်ကပြောပါတယ်။ အထက်ကို မသွားရဘူးတဲ့။ အဲ့ဒါနဲ့ကျမတို့ ပြန်လှည့်ကြပါတယ်။
ကျောက်တော်မြို့နယ် ကန်စောက်ကျေးရွာအထက်ပိုင်တွေမှာရှိနေတဲ့ စစ်ဘေးရှောင် ကျေးရွာတွေ ဖြစ်ကြတဲ့ ငစိုင်းရိုင်ကျေးရွာ၊ ပညာဝကျေးရွာလေဗွီ ကျေးရွာတွေ သလူးချောင်ကျေးရွာကို ထွက်ပြေးလားကြတာပါ။”
သလူးချောင်းကျေးရွာ စစ်ဘေးရှောင်လာတဲ့ ငစိုင်းရိုင်ကျေးရွာက လူဦးရေ ၄၀၀ ကျော်ရှိတယ်လို့ ဝံလက်ဖောင်ဒေရှင်းဒာရိုက် ကိုခိုင်ကောင်းစံ ဒီဗွီဘီကိုပြောပါတယ်။
စစ်တပ်ကတော့ တောင်မင်းကုလားရွာ မြိုရွာမှာလုံခြုံရေးချပေးထားပြီး တောင်မင်း ကုလားရွာ အထက်ပိုင်းတက်ခွင့်မပြုတာဟာ လုံခြုံရေးအခြေနေတွေကြောင့် ဖြစ်တယ်လို့ တာဝန်ကျ စစ်တပ်အရာရှိတွေကပြောပါတယ်။
ကူညီကယ်ရေးပေးနေတဲ့အဖွဲ့တွေ အထက်ပိုင်းကျေးရွာမှာရှိနေတဲ့ စစ်ဘေးရှောင်တွေကို ကူညီခွင့်မရလို့ စိတ်မကောင်း ဖြစ်ရတယ်လို့ ကျောက်တော်မြို့နယ် လူငယ်ကယ်ဆယ်ရေးအဖွဲ့ လူငယ်တဦးက ပြောပါတယ်။
“တော်တော် စိတ်မကောင်းဖြစ်မိတယ်ဗျ။ ဒီလူတွေ ဘယ်လောက် ဒုက္ခရောက်နေမယ်ဆိုတာ ကိုယ်ချင်းစာဖို့လိုတယ်။ ကျေးရွာတွေမှာဆို အကုန် ရိက္ခာတွေ ပြတ်တောက်နေပြီ။ အဲ့ဒီကနေ ဆင်းလာလို့လည်း မရဘူး။ ဒီကသွားသွားပြီ ရိက္ခာတွေပေးလို့လည်း မရဘူး။ စိတ်မကောင်းဖြစ်ရတယ်။
မနေ့ ညနေကအထိ တပ်မတော်နဲ့ အေအေ ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲတွေဖြစ်ပွားနေပြီး ထွက်ပြေးလာကြတာ တနေ့ထက်တနေ့များလာနေပါတယ်။
ကျောက်တော်မြို့နယ် တောင်မင်းကုလားကျေးရွာမှာဆို ဒီကနေ့အချိန်အထိ စစ်ရှောင်ဒုက္ခသည် ၇၀၀ ကျော်ရောက်ရှိနေပြီး စားနပ်ရိက္ခာတွေ အရေးပေါ် လိုအပ်နေပါတယ်။
ဝဏ္ဏခွာညို











