
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ သဲချောင်း ချောင်းဝကင်းစခန်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကနေ မြန်မာနိုင်ငံထဲ တရားမ၀င် ၀င်ရောက်လာတဲ့ ဘင်္ဂါလီ ၃ ယောက်အနက် တယောက်ကို အသေဖမ်းမိခဲ့တယ်လို့ သဲချောင်းစခန်းက သိရပါတယ်။
ဒီဇင်ဘာ ၂၂ ရက် မနက် ၂ နာရီကျော်လောက်က သဲချောင်း ချောင်းဝကင်းစခန်းက ကင်းပုန်းဝပ်နေတုန်း ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်း သဲချောင်းဝဘက်ကနေ မသင်္ကာဖွယ်ရာ အသံတွေ ကြားရလို့ အော်ဟစ်မေးမြန်းခဲ့ရာမှာ ရေထဲကနေ လှုပ်ရှားလာတဲ့ အသံ ကျယ်ကျယ် လောင်လောင်ကြားရတဲ့အတွက်ပစ်ခတ်သတိပေးခဲ့တယ်လို့ သဲချောင်းစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။
အဲဒီနောက် လောင်းလှေပေါ်က လူ နှစ်ယောက် ဆင်းပြေးသွားတာကို တွေ့ရတဲ့အတွက် လိုက်လံ ရှင်းလင်းရှာဖွေခဲ့ကြရာမှာ လောင်းလှေပေါ်က အသက် ၆၀ အရွယ် အမျိုးသားတဦး သေနတ်ဒဏ်ရာနဲ့ သေဆုံးနေကြောင်းတွေ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အနီးနားမှာ အမည်မသိ အသက် ၁၁ နှစ်နဲ့ အသက် ၁၄ နှစ်အရွယ် ဘင်္ဂါလီ ယောက်ကျားလေးနှစ်ဦ တို့ကိုလည်း အရှည် ၁ ပေလောက်ရှိတဲ့ ဓားကောက် နှစ်ချောင်းနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သဲချောင်းစခန်းမှ တာဝန်ရှိသူတဦးက အတည်ပြုပြောပါတယ်။
လိပ်ရအုပ်ချုပ်ရေးမှူး အာဘူတက်ကတော့ " သူတို့က အားလုံးလိပ်ရရွာကဖြစ်ပါတယ်။ သေဆုံးသူကိုတော့ မောင်တောဆေးရုံကို ပို့လိုက်ပါပြီ။ ကလေးနှစ်ဦးကိုတော့ လိပ်ရ နယ်မြေ စခန်းမှာ ဖမ်းဆီးထားပါတယ်"လို့ ပြောပါတယ်။
ဖမ်းဆီးခံထားရသူ လူငယ် ၂ ဦးကို လိပ်ရနယ်မြေစခန်းမှာ ထိမ်းသိးထားပြီး ဥပဒေအရ အမူဖွင့် အရေးယူဆာက်ရွက်သွားမယ်လို့ သိရပါတယ်။
လိပ်ရကျေးရွာမှာ အရင်က အိမ်ခြေ ၆၀၀ ကျော်လောက်ရှိပြီး ပြီးခဲ့တဲ့နှစ်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ဖြစ်စဉ်နောက်ပိုင်း လက်ရှိ အိမ်ခြေ ၂၄ အိမ်သာကျန်ရှိပါတယ်။
ဗညား











