DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်တွင်  အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးဖြစ်ပွားမှု ၂၀ ရာခိုင်နှုန်းလောက်ရှိနေ
DVB
·
December 23, 2018
မြန်မာပြည်တွင်  အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးဖြစ်ပွားမှု ၂၀ ရာခိုင်နှုန်းလောက်ရှိနေ
Donate to DVB

မြန်မာနိုင်ငံမှာလည်း အရက်သောက်လို့ အသည်းရောဂါဖြစ်ပွားနှုန်း မြင့်တက် နေပြီး ဘီပိုး၊ စီပိုး ကူးစက်ခံရမှုကလည်း များလာနေတယ်လို့  အသည်းရောဂါ ဆရာဝန်ကြီးတွေက ပြောပါတယ်။

အသည်းဖောင်ဒေးရှင်းရဲ့ စာရင်းတွေအရ ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ အသည်းရောင် အသားဝါ ဘီပိုးဖြစ်ပွားမှု ၅.၆ ရာခိုင်နှုန်း၊ စီပိုးဖြစ်ပွားမှုက ၃.၆ ရာခိုင်နှုန်း ဖြစ်တယ်လို့သိရပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကထုတ်ပြန်ထားတဲ့ စာရင်းအရတော့ ဘီပိုးဖြစ်ပွားမှု ၁၀ ရာခိုင်နှုန်းကနေ ၁၁ ရာခိုင်နှုန်း၊ စီပိုးဖြစ်ပွားမှုက ၅ ရာခိုင်နှုန်းကနေ ၈ ရာခိုင်နှုန်းထိ ရှိတယ်လို့ အသည်းဖောင်ဒေးရှင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ ကျော်စိုးထွန်းက ပြောပါတယ်။

မြန်မာနိုင်ငံ အသည်းဖောင်ဒေးရှင်းက ဦးဆောင်ပြီး အသည်းရောဂါအကြောင်း သိကောင်းစရာ ဟောပြောပွဲနဲ့ ဘီပိုးကာကွယ်ဆေး အခမဲ့ထိုးပေးတဲ့ အခမ်းအနားကို ဒီဇင်ဘာလ ၂၃ ရက်နေ့က မုံရွာမြို့မှာ ပြုလုပ်ခဲ့တာပါ။

ကမ္ဘာပေါ်မှာ အသည်းနဲ့ပတ်သက်တဲ့ ရောဂါဖြစ်ပွားမှုက တဖြည်းဖြည်း တိုးလာနေပြီး ကမ္ဘာ့လူဦးရေရဲ့ သန်း ၄၀၀ လောက် ရောဂါကူးစက်ခံနေရကာ နေ့စဉ် လူ ၄၀၀၀ လောက်လည်း သေဆုံးနေပြီး အသည်းကင်ဆာကလည်း စတုတ္ထရောဂါဖြစ်ပွားမှု အများဆုံး ဖြစ်နေတယ်လို့ ဆိုပါတယ်။

အသည်းရောင်အသားဝါ ဘီပိုးက မိခင်ကတဆင့် ကလေးငယ်တွေမှာ ကူးစက်ခံရပြီး အတွေ့ရများသလို စီပိုးကတော့ အတွေ့ရနည်းပြီး လူလတ်ပိုင်းတွေမှာ အဖြစ်များကာ ရောဂါလည်း ပြင်းထန်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာလည်း ကလေးငယ်တွေကို ၂၀၁၂ ခုနှစ်ကစတင်ကာ အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုး အခမဲ့ ထိုးပေးနေပြီး လူမှုအဖွဲ့အစည်း အသီးသီးကလည်း ကျောင်းတွေ၊ တက္ကသိုလ်တွေ၊ ရပ်ကွက်တွေမှာ အခမဲ့ လိုက်လံထိုးပေးနေတာတွေ ရှိပါတယ်။

အသည်းနဲ့ပတ်သက်တဲ့ ရောဂါတွေက ဖြစ်စမှာ၊ ရောဂါလက္ခဏာ သိပ်မပြတတ်တဲ့အတွက် လူတွေက သိပ်ဂရုမစိုက်ပဲ နေတတ်ကြပြီး လက္ခဏာပြတဲ့အချိန်က ရောဂါရင့်လာတဲ့ အသည်းမာ၊ အသည်းခြောက်တဲ့အချိန်မှ ပြတာကြောင့် ကုတဲ့အခါမှာ အခက်အခဲတွေရှိတယ်လို့လည်း ပြောပါတယ်။ ဒါကြောင့် သံသယရှိရင် စနစ်တကျပြသပြီး ဆေးကုသမှု ခံယူသင့်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အရက်သောက်တာ၊ ကိုယ်လက်လှုပ်ရှားနည်းတာ၊ ဓာတုဓာတ်ကြွင်းတွေများတဲ့ အသီးအနှံတွေစားတာ၊ အသင့်စား အစားအစောက်တွေစားသုံးတာတွေကနေ တဖြည်းဖြည်း အသည်းနဲ့ပတ်သက်တဲ့ ရောဂါတွေ ခံစားလာနေရလို့ သတိထာကြဖို့လည်း တိုက်တွန်းပါတယ်။

ဒီဟောပြောပွဲမှာ အသည်းဖောင်ဒေးရှင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ ကျော်စိုးထွန်းက အရက်ကြောင့်ဖြစ်တဲ့ အသည်းရောဂါအကြောင်း၊ ဒေါက်တာ ထက်စုအောင်ရွှင်က အသည်းရောင် အသားဝါရောဂါအကြောင်း ဟောပြောခဲ့ပြီး စိတ်ဝင်စားတဲ့ပြည်သူတွေ တက်ရောက်ကြပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013