DVB Logo
Home
မြန်မာသတင်း
ဗဟိုဝန်ထမ်းတက္ကသိုလ်နှင့်ပတ်သက်၍ ဝေဖန်ခဲ့သည့် ဆရာဝန်ကို ထောက်ခံလှုပ်ရှားမှုစတင်   
DVB
·
December 23, 2018
ဗဟိုဝန်ထမ်းတက္ကသိုလ်နှင့်ပတ်သက်၍ ဝေဖန်ခဲ့သည့် ဆရာဝန်ကို ထောက်ခံလှုပ်ရှားမှုစတင်   
Donate to DVB

ဗဟိုဝန်ထမ်းတက္ကသိုလ်နဲ့ ပတ်သက်ပြီး ဝေဖန်ထုတ်ဖော်ရေးသားခဲ့လို့ စုံစမ်းစစ်ဆေး ခံနေရတဲ့ သွားဆရာဝန် ဒေါက်တာ စိုးသူရဇော်ကို အားပေးထောက်ခံတဲ့ အွန်လိုင်းလှုပ်ရှားမှုတခု ဆရာဝန် အသိုက်အ၀န်းက စတင် ပြုလုပ်နေပါတယ်။

မိုးကုတ်မြို့နယ်က သွားကျန်းမာရေး ဦးစီးအရာရှိ ဒေါက်တာ စိုးသူရဇော်က ပြီးခဲ့တဲ့ အောက်တိုဘာလကုန်နဲ့ နိုဝင်ဘာလထဲမှာ ဇီးပင်ကြီး စစ်တမ်း အပိုင်း တစ်၊ နှစ်၊ သုံးဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ရေးသားခဲ့တာပါ။

အဲဒီစာတွေမှာ တက္ကသိုလ်ရဲ့ ဌာနမှူးတယောက်က အခု ပြည်တွင်းငြိမ်းချမ်းရေး မအောင်မြင်နိုင်တာ လက်ရှိ အစိုးရက စေတနာမရှိလို့ မအောင်မြင်ရတာပါလို့ သင်ကြားခဲ့သလို  ပထဝီနိုင်ငံရေး ဘာသာရပ်မှာလည်း လူမျိုးရေး၊ ဘာသာရေး ထိရှလွယ်တဲ့ အကြောင်းအရာတွေ ပြောဆိုသင်ကြားခဲ့တယ်လို့ ရေးသားခဲ့ပါတယ်။ ဒီစာတွေကို ကြိုက်နှစ်သက်သူ၊ မှတ်ချက်ရေးသူနဲ့ ပြန်ပြီး ဝေငှသူပေါင်း ထောင်သောင်းချီ ရှိခဲ့တာပါ။

ဒီအပေါ်မှာ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရဲ့ ညွှန်ကြားစာအရ မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခဲ့ပါတယ်။

အဖွဲ့ ဥက္ကဋ္ဌက ဒေါက်တာ စိုးသူရဇော်ထံ ပေးပို့တဲ့စာမှာ ဇီးပင်ကြီးသင်တန်း တက်ရောက်ရာမှာ လိုက်နာရတဲ့ နေပုံ၊ ထိုင်ပုံတွေကို ဝေဖန်ထားတာ၊ “ဝန်ထမ်းသတ်၍ အစိုးရသေခြင်း”ဆိုတဲ့ ခေါင်းစဉ်နဲ့ လာရောက်သင်ကြားတဲ့ သက်ဆိုင်ရာ ဘာသာရပ်တွေရဲ့ ဆရာ၊ ဆရာမတွေကို ဝေဖန်ထားတာ၊ “ပလုံ ပလုံ မြည်သွားသော ၂၅၂ သိန်းနှင့် ဖော်ရှိုးနိုင်ငံတော်ကြီး တည်ထောင်တော်မူခဏ်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ် (ဇီးပင်ကြီး) ရဲ့ စည်းကမ်းနဲ့ နည်းစနစ်ပိုင်းဆိုင်ရာတွေကို ဝေဖန်ထားတာ ဆိုတဲ့ အချက်တွေကို စွဲချက်တင်ထားတာလို့ ဖော်ပြထားပါတယ်။

ဒီလို စစ်ဆေးတဲ့အပေါ်မှာ ကန့်ကွက်ကြောင်းနဲ့ ဒေါက်တာ စိုးသူရဇော်ကို အားပေးထောက်ခံကြောင်း ပြည်တွင်းက  ဆရာဝန်တချို့က ဦးဆောင်ပြီး အွန်လိုင်းကနေ လှုပ်ရှားမှု ပြုလုပ်နေတာပါ။

ဒေါက်တာ စိုးသူရဇော်ကို ထောက်ခံသူတွေက သူ့ရဲ့ရေးသားချက်တွေ မှန်ကန်ကြောင်း၊ ဒီလို အဖြစ်အပျက်တွေဟာ ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်မှာ တကယ်ဖြစ်ခဲ့ကြောင်းတွေကို သူတို့ရဲ့ ဖေ့စ်ဘွတ်ခ်မှာရေးတင်ကာ လှုပ်ရှားမှု ဦးဆောင်သူတွေထံကိုလည်း ပေးပို့နေကြပါတယ်။

လှုပ်ရှားမှုကို ဦးဆောင်နေသူ တယောက်ဖြစ်တဲ့ ဒေါက်တာ ပိုင်ခန့်က “ကျနော်တို့လည်း ကြုံခဲ့တယ်။ ဒါတွေမှာ ပြုပြင်ပြောင်းလဲဖို့ လိုတယ်ဆိုတာ သိသိကြီးနဲ့ မပြောင်းလဲသေးတာ။ ပြီးတော့ ဒါဟာ ဒေါက်တာ စိုးသူရဇော်ရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချုပ်ချယ်လိုက်တာ” လို့ ပြောပါတယ်။

ဒီလှုပ်ရှားမှုကို ဒီဇင်ဘာ ၂၁ ရက်က စလုပ်ခဲ့ပြီး အခုအချိန်အထိ ထောက်ခံသူပေါင်း ၅၀၀ လောက်က ရေးသားပေးပို့ထားကြရလာတဲ့ ထောက်ခံချက်တွေကို နိုင်ငံတော် သမ္မတနဲ့ လူ့အခွင့်အရေးကော်မရှင်ဆီကို ပေးပို့သွားမယ်လို့လည်း ဒေါက်တာ ပိုင်ခန့်က ပြောပါတယ်။

“အခု ကျနော်တို့ လုပ်နေတာက စုံစမ်းစစ်ဆေးတာတွေကို ကန့်ကွက်တဲ့အကြောင်း ထုတ်ဖော် ပြသတာပါ။ နိုင်ငံ့ ဝန်ထမ်းတယောက်၊ နိုင်ငံသားတယောက်ရဲ့ မူလအခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ ရေးသားပြောဆိုခွင့်ကို ထိန်းချုပ်တဲ့အတွက် အခုလို လှုပ်ရှားရတာပါ။ ဒေါက်တာ စိုးသူရဇော်က ကျနော့်ထက် ၃ တန်းငယ်ပါတယ်။ ဒါပေမယ့် ပရဟိတတွေ အတူတူ လုပ်ဖူးတယ်။ သူ့ကို လေးစားတယ်။ သွားဆေးဆရာဝန် အသိုင်းအဝိုင်းမှာ သူ့ကို တော်တော်များများက သိကြတော့ အခုလည်း ထောက်ခံရေးသားပေးသူ တော်တော်များများက ဒီအသိုင်းအဝိုင်းက ဖြစ်နေတာပါ” လို့ ပြောပါတယ်။

ဦးစီးဌာနရဲ့ စွပ်စွဲချက်တွေအပေါ် ဒီဇင်ဘာ ၂၀ ရက် နောက်ဆုံးထားပြီး စာနဲ့ရှင်းလင်းချေပဖို့ အကြောင်းထားလို့ ချေပစာ ပေးပို့ပြီးပြီ ဖြစ်ပါတယ်။

အဲဒီစာမှာ ရေးသားချက်တွေဟာ တကယ်ဖြစ်ခဲ့၊ ကြုံခဲ့တာတွေဖြစ်ပြီး ပြုပြင်ပြောင်းလဲစေချင်လို့ ရေးတာဖြစ်သလို နှုတ်နဲ့ စစ်ဆေးခံမယ်လို့လည်း ဖော်ပြထားပါတယ်။

ပြည်ထောင်စု ရာထူးဝန်အဖွဲ့ရဲ့ လက်အောက်မှာ အထက်မြန်မာပြည်အတွက် ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်နဲ့ အောက်မြန်မာပြည်အတွက် ဖောင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်   ဖွင့်လှစ် သင်ကြားပေးနေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013