
တပ်မတော်က စစ်ရေးလှုပ်ရှားမှုတွေ ရပ်ထားဖို့ ကြေညာလိုက်တာဟာ သတင်းကောင်းပဲဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ (၂) မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားလိုက်ပါတယ်။
ဒီဇင်ဘာ ၂၂ ရက်မနက်က မန္တလေးမြို့မှာ ကျင်းပတဲ့ အသေးစားစက်မှုလက်မှုနဲ့ မြန်မာ့ရိုးရာ ပန်း ၁၀ မျိုးနဲ့ အတူ လက်မှုအနုပညာထုတ်ကုန် ပစ္စည်းတွေပြသခဲ့တဲ့ အခမ်းအနားမှာ ပြောကြားလိုက်တာပါ။
ဒေါက်တာဇော်မြင့်မောင်က“စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် နိုင်ငံရေးကလည်း တည်ငြိမ်ဖို့ လိုတယ်။ နိုင်ငံရေးမတည်ငြိမ်ဘဲနဲ့ ခင်ဗျားတို့ စီးပွားရေးလုပ်ငန်းရှင်တွေ ဘာလုပ်ကြမလဲ။ ဘယ်လိုလုပ်ကြမလဲ။ နိုင်ငံရေးတည်ငြိမ်ဖို့ကလည်း ပြည်တွင်း ငြိမ်းချမ်းရေးလိုတယ်။ အပစ်အခတ် ရပ်စဲမယ် ကြေညာနေပြီ ဒါသတင်းကောင်းပဲလေ”လို့ ပြောပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေးရဖို့အတွက် အစိုးရက လုပ်လိမ့်မယ်ဆိုပြီး ပြီးစလွယ် မပြောသင့်ဘူး လို့လည်း မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။
“လူတွေရဲ့ရင်ထဲမှာ အသိတခုတော့ရှိကြရမယ်။ အဲ့ဒါဘာလဲဆိုရင် ကျနော်တို့နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေချင်ရင် နှစ်ပေါင်းများစွာဖြစ်နေတဲ့ စစ်ကြီးရပ်ဖို့လိုတယ်။ ငြိမ်းချမ်းရေး ရဖို့လိုတယ်ဒါမှ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ထူထောင်လို့ရမယ်။ အဲ့တော့ အစိုးရ လုပ်လိမ့်မယ်၊ အဲ့သလို ပြီးစလွယ်မပြောကြပါနဲ့။”
ငြိမ်းချမ်းရေးရရှိဖို့က လက်ရှိအာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သာမက တခြားနိုင်ငံရေးပါတီတွေ၊ လူမှုအဖွဲ့အစည်းတွေမှာလည်း လုံးဝတာဝန်ရှိတယ်လို့ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ) မှာ ပါဝင်လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တဖွဲ့ချင်း ညှိနှိုင်းဆွေးနွေးနိုင်ဖို့ ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၁၉ ဧပြီ ၃၀ ရက် အထိ ၄ လကျော်ကြာ စစ်ရေးလှုပ်ရှားမှုတွေ ရပ်ဆိုင်းထားမယ်လို့ ဒီဇင်ဘာ ၂၁ရက်မှာ တပ်တော်က ကြေညာထားတာဖြစ်ပါတယ်။
ဒီကြေညာချက်နဲ့ ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေး ပါတီတွေကရော ကုလသမဂ္ဂကပါ ကြိုဆိုတဲ့အကြောင်း သဘောထားတွေ ထုတ်ပြန် ပြောကြားနေ ပါတယ်။











