DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်တွင် တိုက်ပွဲကြောင့်စစ်ရှောင်ဒုက္ခသည် ၁၀၀၀ နီးပါးရှိလာနေ
DVB
·
December 23, 2018
ရခိုင်ပြည်နယ်တွင် တိုက်ပွဲကြောင့်စစ်ရှောင်ဒုက္ခသည် ၁၀၀၀ နီးပါးရှိလာနေ
1 / 4
Donate to DVB

ရခိုင်ပြည်နယ်၊မြို့နယ် ၃ မြို့နယ်မှာ ရက္ခိုင့်တပ်မတော်(အေအေ)နဲ့ တပ်မတော်တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်ဒုက္ခသည် ၁၀၀၀ နီးပါး ရှိလာပြီလို့ ရခိုင်လူမှုကယ်ဆယ်ရေးအဖွဲ့တွေက  ဒီဗွီဘီကိုပြောပါတယ်။

ဘူးသီးတောင်၊ ပုဏ္ဏားကျွန်းနဲ့ ကျောက်တော်မြို့နယ်ကျေးရွာတွေမှာ ရှိတဲ့ ခမီ၊ မြို၊ သက်၊ ဒိုင်းနက်၊ ရခိုင်တိုင်းရင်းသားတွေ တိုက်ပွဲတွေကြောင့် ထွက်ပြေးလာနေကြတာလို့ ဝံလက် ဖောင်းဒေးရှင်းက ဒါရိုက်တာခိုင်ကောင်းစံက ပြောပါတယ်။

“ဘူးသီးတောင် စိုင်းတောင်ဖက်မှာဆိုရင် ၁၅၀ လောက်ရှိပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်း မှာဆိုရင် ၃၇၇ ယောက်ရှိတယ်။ ကျောက်တော်မြို့နယ်မှာဆိုရင် ကန်းစောက် ဘုန်းတော်ကြီးကျောင်းမှာ ၁၅၀ လောက်နောက်ပြီး ပညာဝနဲ့ ငစိုင်းရိုင်ကိုင်း အဲ့ဒီရွာနှစ်ရွာမှာတော့ လူ ၂၀၀ ကျော်လောက်ရှိပါတယ်။ အားလုံး ပေါင်းလိုက်ရင်တော့ လူပေါင်း ၈၀၀ ကျော် ၉၀၀ နီးပါးရှိနေပြီ“

စစ်ဘေးရှောင်လာသူတွေထဲမှာ အသက် ၁၈ နှစ်အောက်ကလေးငယ်တွေ  ၃၀၀ နီးပါးလောက်ပါဝင်ပြီး ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေ တယ်လို့လည်း  မှုကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။

ရသေ့တောင်ဘက်မှာတော့ ပြီးခဲ့တဲ့တပတ်လောက်က စစ်ဘေးရှောင်ဒုက္ခသည် ၃၀၀ လောက်ရောက်ရှိ လာခဲ့ကြပေမယ့် အခုအချိန်မှာတော့ နီးစပ်ရာဆွေမျိုးတွေဆီမှာ သွားရောက် ခုလှုံနေကြပါတယ်။

ဒါပေမယ့် ဒီဇင်ဘာ ၂၂ ရက် တိုက်ပွဲတွေကြောင့် ပုဏ္ဏားကျွန်းမြို့နယ်တဝိုက် ယိုးချောင်းအထက်ပိုင်းရှိ ကျေးရွာတွေကို စစ်ဘေးရှောင်လာသူတွေ ထပ်မံရောက်ရှိလာပါတယ်။

လူမှုကယ်ဆယ်ရေးတွေလုပ်နေတဲ့ ကျောက်တော်မြို့နေ ဦးဇော်ဝင်းက“ဒီကနေ့ပဲ ပညာဝကျေးရွာနဲ့ မောင်နှမကျေးရွာတွေက စစ်ရှောင်ဒုက္ခသည် ထပ်ပြေးလာတယ်။ အဲ့ဒီမှာ တိုက်ပွဲတွေ အရမ်းကိုပြင်းထန်နေတယ်။ စစ်ရှောင်တွေ တော်တော်ရောက်လာကြတယ်။ ကလေးတွေ တော်တော် များများပါလာတယ်။ အကုန်ကြောက်လန့်ပြီးတော့ ထွက်ပြေး လာကြတာ”လို့ပြောပါတယ်။

ဒီဇင်ဘာ၂၂ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်၊ ပညာဝရွာနဲ့ မောင်နှမရွာ အကြားမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်အေအေတို့ တိုက်ပွားတွေဖြစ်ပွားခဲ့တယ်လို့ ရက္ခိုင့်တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ပွဲဖြစ်နေတဲ့ ကျေးရွာတွေကနေ ထွက်ပြေးဖို့ ကြိုးစားနေတဲ့ ဒေသခံတွေကို တပ်မတော်ဘက်က စစ်ဆေးနေသလို ချောင်းအတွင်း သွားလာနေတဲ့ စက်လှေတွေကိုလည်း တားဆီးစစ်ဆေးနေတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရဲ့ အခြေအနေကို သိရှိနိုင်ဖို့ ရခိုင်ပြည်နယ်၊ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်ကို ဒီဗွီဘီက ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့တွေအကြား နိုဝင်ဘာလကတည်းက တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဒေသခံတွေကတော့ နေရပ်ကို မပြန်ရဲသေးဘဲ ရှိနေကြတာပါ။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ) မှာ ပါဝင်လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တဖွဲ့ချင်း ညှိနှိုင်းဆွေးနွေးနိုင်ဖို့အတွက် ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၁၉ ဧပြီ ၃၀ ရက် အထိ ၄ လကျော်ကြာ စစ်ဆင်ရေး ရပ်ဆိုင်းထားမယ်လို့ တပ်တော်က ကြေညာထားတဲ့ နယ်မြေတွေထဲမှာ ရခိုင်ပြည်နယ်ကတော့ ပါဝင်ခြင်းမရှိသေးပါဘူး။

သတင်း-ဝဏ္ဏခွာညို- ဓာတ်ပုံ - အမ်းသားကြီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013